ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်အလံသစ်တင်အခမ်းအနားကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်နှင့် အလံအသစ်တင်မင်္ဂလာအခမ်းအနားပွဲ ကို ယနေ့နံနက် ၉ နာရီက ဝေါမြို့နယ် ဘုရားပျိုကျေးရွာနှင့် နံနက် ၁ဝ နာရီက ကမာကဘန်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ကော်မတီဝင်ဦးအောင်နိုင်နှင့် ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးကျော်ဇော၊ ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီအတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသောင်းထွန်း၊ မြို့နယ်နယ်မြေတာဝန်ခံဦးကြည်လွင်နှင့် ပါတီကော်မတီဝင်များ ဦးဆောင် သောအဖွဲ့မှတက်ရောက်ပြီး မင်္ဂလာအချိန်ကျရောက်သောအခါ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနားကျင်းပကာ မင်္ဂလာရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီးနောက် ပြည်ခိုင်ဖြိုးပါတီ အလံတော်အသစ်ကို လွှင့်တင်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်နှင့်အဖွဲ့သည် ဘုရားပျိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်းလွင်၏နေအိမ်နှင့် ကမာကဘန်ကျေးရွာပါတီဥက္ကဋ္ဌ ဦးကျော် ဆွေတို့၏နေအိမ်၌ဆရာတော်များအား ဝါဆိုသင်္ကန်းကပ်နှင့်ဆွမ်းကပ် လှူဒါန်းခြင်းကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

Union daily