တူရကီတွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၁၁ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရ

Bomb-attack

တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့လယ်တွင် ဇွန်လ ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲကားတစ်စီး ပျက်စီးသွားပြီး ရဲများအပါအ၀င် ၁၁ ဦး သေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယခုကဲ့သို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခြား ၃၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အစ္စတန်ဘူလ်မြို့ရှိ အထင်ကရ တက္ကသိုလ်တစ်ခုနှင့် မြို့တော်ဝန်ရုံး ရှိရာ အဓိက ခရီးသွားဧရိယာအနီးတွင် ဖြစ်ပွားသွားခဲ့ခြင်းလည်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်က လူစည်ကားရာလမ်းမကြီးပေါ်တွင် ကင်းလှည့်လာသော ရဲကားများ ဖြတ်သန်းမောင်းနှင်သွားချိန်နှင့်တိုက်ကာ လမ်းမပေါ်တွင် ရပ်ထားသော ကားတစ်စီးကို အဝေးထိန်း ခလုတ်ဖြင့် ချိန်ကိုက်ဖောက်ခွဲသွားခြင်း ဖြစ်သည်။

ယခု ကားဗုံးခွဲတိုက်ခိုက်မှုသည် မြို့တွင် လေးကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန် ဗာဆစ်ပ် ဆာဟင်က သတင်းထောက်များကို ပြောသည်။ ယခု တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားသူ မရှိသေးသော်လည်း ယခင်က အဆိုပါ မြို့တွင် အလားတူ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ကားဒစ်ရှ် စစ်သွေးကြွများက ထုတ်ဖော်ပြောကြားထားဖူးသည်။

” ရပ်ထားတဲ့ ကားမှာ ဗုံးထောင်ထားပြိးတော့ ကင်းလှည့်လာတဲ့ ရဲကားတွေ ဖြတ်သွားတဲ့အချိန်နဲ့ ချိန်ကိုက်ပြီး ဖောက်ခွဲသွားခဲ့တာပါ၊ ရဲခုနှစ်ဦးနဲ့ အရပ်သားလေးဦး သေဆုံးသွားခဲ့ပါတယ်” ဟု အစ္စတန်ဘူလ် မြို့တော်ဝန်က ပြောကြားသွားခဲ့သည်။

-Ref; CNA


Leave a Reply