ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင်အသစ်များ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည်မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အောင်လံမြို့နယ် ပြလို့ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး တို့နှင့် အတူ ပြလို့စံပြကျေးရွာ ရှစ်မျက်နှာ ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ နန္ဒအားဖူးမြှော်ညို ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်လာကြသော ပါတီဝင်များအား ရင်းနှီးခင်မင်စွာ လိုက်လံ နှုတ်ဆက်ခဲ့သည်။ အခမ်းအနားကိုဆက်လက်ကျင်းပရာတွင် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ပြလို့အခြေစိုက်ဒေသမှ အနိုင်ရရှိခဲ့သော ကျေးရွာပေါင်း(၁၅)ရွာအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ပါတီဝင်သစ်များထံမှအဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ လက်ခံရယူခြင်းတို့ကို အစီအစဉ် အတိုင်းဆောင်ရွက်ခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့် အတူ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ သရက်ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အောင်လံမြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ အဆိုပြုလွှာပေးအပ်သူပါတီဝင်သစ် (၁၁၁၉)ဦး အပါအ၀င် စုစုပေါင်း (၁၃၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။
ပါတီဝင်သစ်များကိုယ်စား ပါတီဝင်(၃)ဦးက ပါတီသို့ ၀င်ရောက်ရခြင်းအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်နှင့် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးတို့က ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်က ပါတီ၏လုပ်ငန်းစဉ်များ ယုံကြည်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ပါတီဝင်သစ်များအား ရင်ထိုးတံဆိပ်များတပ်ဆင်ပေးခြင်း ၊ တက်ရောက်လာသူများ အမှတ်တရ ဓါတ်ပုံ စုပေါင်းရိုက်ကူးခြင်းတို့အား ပျော်ရွှင်စွာဆောင်ရွက်ရင်း အခမ်းနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။