တာလီဘန်စစ်သွေးကြွများကို ပြန်လည်နှိမ်နင်းရန် အာဖဂန်နစ္စတန်သမ္မတ အမိန့်ထုတ်ပြန်

အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဂါနီက တာလီဘန်စစ်သွေးကြွများနှင့် အပစ်အခတ်ရပ်စဲရေး သတ်မှတ်ကာလ ပြီးဆုံးပြီဖြစ်ကြောင်း စနေနေ့တွင် ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး တာလီဘန် အဖွဲ့ထံ တောင်းဆိုခဲ့သည်။

‘‘အခုက တာလီဘန်အဖွဲ့ ဆုံးဖြတ်ရမယ့် အချိန်ပါပဲ။ သူတို့ အနေနဲ့ ဆက်ပြီးသတ်ဖြတ်နေဦးမလား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်မလား’’ဟု သမ္မတဂါနီက မြို့တော်ကဘူးလ် တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

ဇွန်လ ၁၅ ရက်မှ ၁၇ ရက် အထိ အာဖဂန်အစိုးရနှင့် တာလီဘန်အကြား အစ်နေ့အားလပ်ရက် အပစ်အခတ်ရပ်စဲရေး သတ်မှတ်ကာလ ကုန်ဆုံးပြီးနောက် နောက်ထပ် ၁၀ ရက်အထိ တာလီဘန်များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းရန် သမ္မတဂါနီက စစ်တပ်အား အမိန့်ထုတ် ပြန်ခဲ့သည်။

ယခုအခါ နောက်ထပ် ၁၀ ရက် ထပ်တိုးထားသော အပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသွားပြီဖြစ်သဖြင့် အာဖဂန်အစိုးရတပ်များအနေဖြင့် တာလီဘန်နှင့် အိုင်အက်စ်စစ်သွေးကြွများ နှိမ်နင်းရေး စစ်ဆင်ရေးကို ပုံမှန်ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း စနေ နေ့တွင် ကြေညာခဲ့သည်။

တာလီဘန်စစ်သွေးကြွများ က စတင်ကြေညာခဲ့သော အစ်နေ့အားလပ်ရက် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးက နှစ်ပေါင်း (၄၀)ကြာ တိုက်ခိုက်မှုများ အဆုံးသတ်ရေး မျှော်လင့်ချက်ရောင် ခြည်သန်းခဲ့သော်လည်း ကဘူးလ်မြို့ရှိ လုံခြုံရေးတာဝန်ရှိသူများနှင့် ပြည်ပသံတမန်များအကြား ထိုသို့ မျှော်လင့်ခြင်း နည်းပါးနေသည်။

အစိုးရအဖွဲ့သာမက နိုင်ငံတကာ မဟာမိတ်များနှင့် အာဖဂန်နိုင်ငံတွင်းရှိ အရပ်ဘက်အဖွဲ့များက ငြိမ်းချမ်းရေး တောင်းဆိုမှုကို ငြင်းဆိုခဲ့သော တာလီဘန်အဖွဲ့သည် အစ်နေ့ အားလပ်ရက် အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးပြီး ကတည်းက ဧရိယာအများအပြားတွင် တိုက်ခိုက်နေသည်။        

   

—Ref: Reuters