တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေးရဲအရာရှိ နှစ်ဦးကို အီးယူပိတ်ဆို့အရေးယူ

ဥရောပသမဂ္ဂ(အီးယူ)သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေး အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့ (ဇွန်လ ၂၅ ရက်) က ထုတ်ပြန်ကြေညာသည်။ ပိတ်ဆို့ အရေးယူခံရသည့် တပ်မတော်အရာရှိငါးဦးသည် ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၃) တာဝန်ဆောင်ရွက် ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး၊ တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်၊ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ခင်မောင်စိုးဖြစ်ပြီး ရဲအရာရှိနှစ်ဦးသည် နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ ရဲမှူးချုပ်သူရစန်းလွင်နှင့် အမှတ်(၈)လုံခြုံရေး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးသန့်ဇင်ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၎င်းတို့သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက် ခွင့်ရှိမည်မဟုတ်ဘဲ ယင်းနိုင်ငံများ တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများရှိပါ က ထိန်းချုပ်ကန့်သတ်ခံရမည်ဖြစ်သည်။ ယင်းကြေညာချက်ကို လူဇင်ဘတ်၌ ယမန်နေ့ ကျင်းပ သော ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် လက်မှတ်ထိုးထုတ် ပြန်ခြင်း ဖြစ်သည်။ ထို့အပြင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း ‘၂၀၁၇ သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် အတွင်း ARSA ဘင်္ဂါလီအကြမ်းဖက်အုပ်စု၏ အ ကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် ကွပ်ကဲကြပ်မတ်မှု အားနည်းခြင်း အတွက် တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှု’ ကို ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်  တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ရာတွင် အားနည်းချက်များအတွက် ၂၀၁၇ နိုဝင်ဘာ ၁၀ ရက်၌ အရန်အင်အားစာရင်းတင်သွင်းခဲ့သည့် ဗိုလ်ချုပ်မောင်မောင်စိုးကို ယမန်နေ့တွင် တပ်မတော်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မောင်မောင်စိုး၏ လုပ်ဆောင်ချက် များတွင် အားနည်းချက်များ ရှိသည်ဟုဆိုကာ ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ကို ရပ်နားခဲ့ကြောင်း ၂၀၁၈ မတ်လ ၆ ရက်၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူအဆိုပါ ဖြစ်စဉ် များအတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် အထက် ဌာနများ၏ မူဝါဒများကိုအနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားမှုအပေါ် စီမံဆောင်ရွက်ရာ၌ လိုအပ်ချက်များ ရှိခဲ့ကြောင်းနှင့် ၎င်း၏ ကျန်းမာရေးဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မူလပေးအပ်ထားသည့် တာဝန်မှ အခြားတာဝန်တစ်ခုကို ထမ်းဆောင်စေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့သော်ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် ကျန်းမာရေး အားနည်းလာခြင်းကြောင့် တာဝန်ထမ်းဆောင်မှု အပိုင်းတွင် အားနည်းချက်အချို့ကို ထပ်မံ တွေ့ရှိခဲ့ကြောင်းနှင့် ၎င်း၏သဘော ဆန္ဒအလျောက် နုတ်ထွက် ခွင့် တင်ပြလာ၍ ၂၀၁၈ မေလ ၂၂ ရက်တွင် နုတ်ထွက်ခွင့်ပြုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

thithtoolwin