မူးယစ်ဆေးနှိမ်နင်းဖို့ ကျေးလက်ခေါင်းဆောင်များကို သေနတ်ပေးထားမည်

ဖိလစ်ပိုင်နိုင်ငံမှာ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ပါဝင်လိုသူ ရပ်ရွာခေါင်းဆောင်တွေကို ပစ္စတိုသေနတ်တွေ ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်တဲ့ အတွက်၊ နိုင်ငံမှာ ပေါ်ပေါက်နေတဲ့ အလွန်အကျွံအင်အားသုံးဖြိုခွဲမှုတွေ ပိုမိုမြင့်တက်လာဖွယ်ရှိနေတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒီအစီအစဉ်ကို ရဲနဲ့ထောက်လှမ်းရေးတို့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ရပ်ရွာလူကြီးတွေအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာဇ၀တ်ကောင်လို့ မသင်္ကာသူတွေကို ပစ်ခတ်ဖမ်းဆီးခဲ့ရင် အရေးမယူဘဲ ဥပဒေအရ အကာအကွယ်ပေးမှာဖြစ်ကြောင်း သမ္မတ ဒူတာတေး က ပြောပါတယ်။

ဖိလစ်ပိုင်မှာ ဘရန်ဂေး ဗိုလ်ကြီးများလို့ခေါ်တဲ့ ရပ်ရွာလူကြီးပေါင်း လေးသောင်းနှစ်ထောင်လောက်ရှိပါတယ်။ သူတို့ကို ပစ္စတိုသေနတ်တွေ အခမဲ့ ဒါမှမဟုတ် အရစ်ကျငွေချေစနစ်နဲ့ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောပါတယ်။

ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ အလွန်အကျွံ သတ်ဖြတ်မှုတွေကြောင့် လူထောင်နဲ့ ချီသေဆုံးခဲ့ရလို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်နေပါတယ်။

-Ref;RFA