ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲတက်ရောက်

နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင်  သည် ယမန်နေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသော နွေရာသီအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အမှာစကားပြောကြားရာ သင်တန်းသား၊ သင်တန်းသူများ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့ သည့်အတွက် ဝမ်းသာပါကြောင်း၊ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ကြောင်း၊ ယနေ့ခေတ်သည် အင်္ဂလိပ်စာတတ်ရန် အရေးကြီးကြောင်း၊ မိမိသည်ပင်လျှင် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ရင်းနှင့်ပင် အင်္ဂလိပ်စာများ လေ့လာသင်ယူဆဲဖြစ်ခဲ့ပါကြောင်း၊ ယနေ့လူငယ်များ အရည်အချင်းရှိဖို့အတွက် စာများများ ဖတ်ရန်လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆရာ ဦးမင်းစိုးသူရက သင်တန်းဆိုင်ရာ အကြံပြုစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများက အင်္ဂလိပ်စာအရည်အသွေး ထုတ်ဖော်ခြင်း ပြိုင်ပွဲကျင်းပခဲ့ပြီးနောက် သင်တန်းဆရာဦးမင်းစိုးသူရက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် ဆုများချီးမြှင့်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူးဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ပုဗ္ဗသီရိမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီဝင်များ၊ သင်တန်းသားမိဘများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ရပ်ကွက်ကျေးရွာများမှ လူငယ်ခေါင်းဆောင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြင့် စုစုပေါင်းအင်အား ၁ဝဝခန့် တက်ရောက်ခဲ့ကြပြီး ညနေ ၅နာရီခွဲတွင် သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။ သင်တန်းကာလမှာ သုံးလကြာမြင့်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်