တောင်ကုတ်မြို့နယ် ကမ်းဒေကျေးရွာမှ ကျေးရွာသားတစ်ရာကျော် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်


တောင်ကုတ်၊ မေ ၂၄

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကမ်းဒေကျေးရွာမှ ကျေးရွာသား ၁၀၃ ဦးမှာ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက် လာကြရာ အဆိုပါကျေးရွာ မိုးကုတ်ဝိပဿနာကျောင်း ဓမ္မာရုံအတွင်း ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပါတီဝင် စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ သံတွဲခရိုင်ကော်မတီဝင် ဦးစောအောင်၊ တောင်ကုတ်မြို့နယ် မြို့နယ် ပါတီဘဏ္ဍာရေးမှူး ဦးကျော်ခန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကမ်းဒေကျေးရွာပါတီခေါင်းဆောင်နှင့် ပါတီဝင်သစ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ကော်မတီဝင် ဦးစောအောင်က အဖွင့်မှာစကား ပြောကြားရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကမ်းဒေးကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရန် တခဲနက်ထောက်ခံခဲ့ကြသော်လည်း မိမိတို့ပါတီမှာ အစိုးရမဖွဲ့နိုင် သဖြင့် ကျေးရွာသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ များစွာမဆောင်ရွက်ပေးနိုင်ခြင်းအပေါ်တွင် နားလည်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးကျော်ခန့်က ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည်နှင့် ဝင်ရောက်လာကြသည်ကို အထူးဝမ်းသာစွာ ကြိုဆိုကြောင်းနှင့် ၂၀၂၀ တွင်လည်း အစိုးရဖွဲ့နိုင်သည်အထိ ထောက်ခံပေးကြရန်နှင့် အမျိုးသားရေးကိစ္စရပ်များအား ပါတီဝင်သစ်များအနေဖြင့် ပါတီနှင့်အတူတကွ ပူးပေါင်း လုပ်ဆောင်ပေးသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဦးကျော်ခန့်မှ ပါတီဝင်သစ်များအတွက် ပါတီဝင်အဆိုပြုလွှာများကို ပေးအပ်ခဲ့ရာ မြို့နယ်အရံကော်ဝင် ဦးအောင်ဌေးဝင်း (ရပ်ကျေးခေါင်းဆောင်) မှ လက်ခံရယူခဲ့ပြီး ပါတီတာဝန်ရှိသူများက ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါကျေးရွာတွင် ဝိပဿနာတရားစခန်းဖွင့်နိုင်ရန်အတွက် လိုအပ်လျက်ရှိနေသော အလှူငွေများအား လည်း ခရိုင်ကော်မတီဝင် ဦးစောအောင်ကပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာဂေါပကဥက္ကဋ္ဌ ဦးလှသိန်းမှ လက်ခံရယူခဲ့ ပါသည်။
ယင်းနောက် အဆိုပါကျေးရွာတွင် ပျက်စီးဟောင်းနွမ်းနေသော ပါတီဆိုင်းဘုတ်အစား ပါတီတာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ပါတီဆိုင်းဘုတ်အသစ်အား လှဲလည်စိုက်ထူခဲ့ကြကြောင်း သိရသည်။

TG USD