ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး လူငယ်ညီလာခံကိုယ်စား လှယ်များနှင့် တွေ့ဆုံ

ရန်ကုန်၊ မေ ၂၄

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံသို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ညီလာခံကိုယ်စားလှယ်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီရုံးတွင် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လူငယ်ညီလာခံသို့ တက်ရောက်ကြမည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရပါ တီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက သြဝါဒစကားပြောကြားရာ တွင် ယနေ့တက်ရောက်လာသည့် လူငယ်များသည် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြု၍ ဗဟိုလူငယ်ညီလာခံ သို့ တက်ရောက်ကြမည့် လူငယ်များဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် အင်အားကီးမားသည့် ပါတီဖြစ်သလို လူငယ်အင်အားလည်း တောင့်တင်းသည့်ပါတီဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် လူငယ်အင်အားသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေကြောင်း၊ ယနေ့လူငယ်များသည် မကြာမီကာလအတွင်း ပါတီ၏ခေါင်းဆောင် နေရာများတွင် တာဝန်ယူကြရမည့်သူများဖြစ်သည့်အတွက် နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို သိရှိ အောင် လေ့လာကြဖို့လိုကြောင်း၊ ယခုကတည်းက အသိပညာ၊ အတတ်ပညာများ ပြည့်စုံအောင် ဆည်းပူး ထားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် လူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိက အဖွဲ့လိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ တာဝန်ခွဲဝေပေးပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)