ဆာလာနဲ့ သူ့ရဲ့အကြား မတူညီမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ စီရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက သူဟာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာနဲ့ ကွဲပြားခြားနားမှုတွေ ရှိတယ်လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြိုမှာ ပြုလုပ်ခဲ့တဲ့ BT Sport နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၄၄) ဂိုး ရယူပေးနိုင်ခဲ့ပြီး စီရော်နယ်ဒိုက (၄၃) ဂိုးသာ ရရှိခဲ့ပြီး သူတို့ နှစ်ဦးကြား နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း စီရော်နယ်ဒိုက သူနဲ့ ဆာလာတို့ကို နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့ အချက်တွေ ရှိတယ်လို့ အကြောင်းပြပြောဆိုသွားခဲ့ပြီး သူက ဆာလာထက်ပိုပြီး အရပ်မြင့်တဲ့အကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို စီရော်နယ်ဒိုက အခုလိုပဲ ပြောသွားခဲ့ ပါတယ်။

” လူတိုင်းက ကျွန်တော့်ကို တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်နေကြပါတယ်၊ ကျွန်တော်က အားလုံးနဲ့ မတူကွဲပြားနေတာပါ၊ ဆာလာကလည်း သူများတွေနဲ့ တူညီမှု မရှီပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ဟာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်၊ သူက ဘယ်ခြေနဲ့ ကစားတယ်၊ ကျွန်တော်က ညာခြေနဲ့ ကစားပါတယ်၊ ကျွန်တော်က အရပ်ရှည်ပါတယ်၊ သူက အနည်းငယ် အရပ်ပုပါတယ်၊ ကျွန်တော်က ကျွန်တော့်ခေါင်းနဲ့လည်း ကစားနိုင်ပါတယ်၊ ကျွန်တော်တို့က အရာအားလုံး ကွဲပြားနေတာပါ၊ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာကတော့ သူဟာ ဒီရာသီမှာ တကယ့်ကို စွမ်းဆောင်ရည်ကောင်းခဲ့တယ်ဆိုတာပါပဲ၊ ဒါပေမယ့် စနေနေ့မှာ ဘာဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ပါ” လို့ စီရော်နယ်ဒိုက ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဆာလာကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ကစားခွင့် ရရှိမှာဖြစ်ပြီး စီရော်နယ်ဒိုကတော့ ဆုဖလားဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်အထိ ရရှိခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။ ဒီအရေအတွက်နဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုက သူ့ရဲ့ ခံစားချက်လည်း ဖွင့်ဟခဲ့ပါသေးတယ်။

” ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရတာကို ကျွန်တော် ချစ်မြတ်နိုးပါတယ်၊ တစ်ဦးချင်းအနေနဲ့ဆိုရင် ကျွန်တော့်အတွက် ငါးကြိမ်မြောက် ဆုဖလား ပါပဲ၊ ဒါက မယုံကြည်နိုင်စရာကောင်းပါတယ်၊ ဒါကြောင့်မို့လို့ အံ့အားသင့်စရာကောင်းတဲ့ ဆုဖလားကို အရယူနိုင်ဖို့အတွက် ကျွန်တော် အာရုံ စူးစိုက်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုကတော့ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တွေ အများအပြား ရရှိခဲ့သူ ဖြစ်ပြီး ပွဲအများဆုံး ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်း၊ ချန်ပီယံလိဂ်ပွဲအများဆုံး အနိုင်ရတဲ့ ကစားသမားအစရှိတဲ့ စံချိန်များအပြင် လက်ရှိမှာလည်း ချန်ပီယံလိဂ်သွင်းဂိုး (၁၅) ဂိုးအထိ ရရှိထားပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ 

Source: ESPN