နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည်လေးစင်း ရုရှားရေငုပ်သင်္ဘော စမ်းသပ်ပစ်လွှတ်

ရုရှား ရေငုပ်သင်္ဘော တစ်စီးသည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ပြခဲ့သည်။

နျူကလီးယား စွမ်းအင်သုံး Yuri Dolgoruky ရေငုပ်သင်္ဘောသည် ပင်လယ်ဖြူရှိ လက်နက် စမ်းသပ်ရာ ရေပြင်ဧရိယာတွင် Bulava တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို ရာနှုန်းပြည့် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒုံးကျည်လေးစင်းတွင် နျူကလီးယားထိပ်ဖူး အပြည့်အစုံ တပ်ဆင်ထားပါက စုစုပေါင်း ပေါက်ကွဲအားသည် ကမ္ဘာကျော် ဟီရိုရှီးမားဗုံးထက် အဆပေါင်း ၁၆၀ ပြင်းထန်မည်ဟု ပညာရှင်များက ဆိုသည်။ Yuri Dolgoruky ရငုပ်သင်္ဘောသည် Bulava ဒုံးကျည် ၁၆ စင်းထိ သယ်ဆောင်ပြီး တော်ပီဒိုများပါ တပ်ဆင်၍ ခုတ်မောင်းနိုင်သည်။

ယင်းဒုံးကျည် တစ်စင်းသည် နျူကလီးယားထိပ်ဖူး အချို့ကို သယ်ဆောင်ကာ ခရီးတာ ၉၃၀၀ ထိ ရောက်ရှိအောင် ပျံသန်းနိုင်ကြောင်း သိရသည်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံ၏ လက်နက် နည်းပညာ ကဏ္ဍကို အလေးအနက် မြှင့်တင်သွားမည်ဟု ကြွေးကြော်ထားပြီး ယခုဒုံးကျည် စမ်းသပ်မှုသည် ယင်းရည်မှန်းချက်၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ဖွယ် ရှိနေသည်။

Yuri Dolgorukyသည် ရုရှားက အသစ်တည်ဆောက်ထားသည့် Borei အဆင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အမျိုးအစား ဖြစ်သည်။ ယခုစမ်းသပ်မှုတွင် ဒုံးကျည်များကို ရေပြင်အထက်မှ ပစ်လွှတ်ခဲ့သော်လည်း ရေအောက် ငုပ်လျှိုးနေသည့် အချိန်တွင်ပါ အလားတူ စွမ်းဆောင်ရည်အတိုင်း ပစ်ခတ်နိုင်စွမ်း ရှိကြောင်း ရုရှားရေတပ်က ကြေညာထားသည်။

Ref: Fox News