ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်လှစ်

ပဲခူး မတ် ၂၅

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာနိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နာယက ဦးဝင်းတင် (ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ – ငြိမ်း) က အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြည်ခိုင်ဖြိုး အသင်းနှင့် ပါတီတို့၏သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် နိုင်ငံရဲ့လက်ရှိအခြေအနေကို သိရှိစေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးကို သိရှိစေရန်၊ ခေါင်းဆောင်မှု အတတ်ပညာ၊ စည်းရုံးရေးအတတ်ပညာတို့ကို သိရှိစေရန်ရည်ရွယ်၍ ယခုလ ၂၃ ရက်မှ ၂၅ ရက်အထိ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၄၂ ဦး တက်ရောက်ကြောင်း သိရသည်။

နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းတွင် ပါတီ၏သမိုင်းနှင့် ဥပဒေရေးရာ၊ ခေါင်းဆောင်မှုပညာ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်၊ ဒေသအခြေပြု လက်တွေ့စည်းရုံးရေး၊ ပါတီဖွဲ့စည်းပုံ၊ နိုင်ငံတကာဆက်ဆံရေး၊ လူထုဟောပြောစည်းရုံးခြင်း စသည့်ခေါင်းစဉ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမင်းခန့်ကျော်က ပြောသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်း၊ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တိုင်းဒေသကြီးပါတီနာယက ဦးဝင်းတင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင်နှင့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ရပ်/ကျေး ဥက္ကဋ္ဌများ၊ သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)