ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု အစီအစဉ်ဖော်ဆောင်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည်

အစိုးရက နည်းပညာနှင့်   ချေးငွေကူညီမှုပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Pro-duct) ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ   အစီအစဉ်   အကောင်အထည်ဖော်ရေး အဆိုကို အမျိုးသား လွှတ်တော် က ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က အဆိုပါ အစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့် တိုင်းများအား ဦးစားပေး၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေ တစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖေ ဖော်ဝါရီ ၅ ရက်က အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။

‘‘ဒီစီမံကိန်းရဲ့ အခြေခံ သဘောတရားကတော့ တစ်ရွာ ကို အကောင်းဆုံးထုတ်ကုန်တစ်မျိုးကို ပြိုင်စံကင်းအောင် ထုတ် လုပ်တာပဲဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ဒေသခံပြည်သူတွေ ဝင်ငွေများများ ရနိုင်ဖို့ ဒေသထွက် ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

အကယ်၍ ‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု’ အစီအစဉ်ကို အကောင်အထည်ဖော်ပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် ထွက်ရှိသော ထွက်ကုန်များနှင့်ပတ်သက်ပြီး ဒေသခံများ ဝင်ငွေတိုး၍ ရရှိရေးအတွက် အစိုးရက နည်းပညာနှင့် ချေးငွေ ကူညီရန်ဖြစ်ကြောင်း ဒေါ်ထုမေ က ဆိုသည်။

‘‘ရေထွက်သယံဇာတလည်း ဖြစ်ရင်ဖြစ်မယ်၊ စိုက်ပျိုးရေးလည်း ဖြစ်မယ်၊ နည်းပညာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဝန်ဆောင်မှုလည်း ဖြစ်ရင်ဖြစ်မယ် ဒီလိုမျိုးပေါ့။ ဆိုလိုတာက နိုင်ငံသူ၊ နိုင်ငံ သားများ ဝင်ငွေရရှိမယ့် အခွင့်အလမ်း ဘာမဆိုပေါ့။ အစိုးရက နည်းပညာ နောက်တစ်ခုက ချေးငွေ ဒါတွေ ထုတ်ပေးရမှာပေါ့’’ ဟု ၎င်းက ပြောသည်။

ယင်းအစီအစဉ်ကို ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ဒေသတွင်း အာဆီယံနိုင်ငံများ၌ပင် ဆောင်ရွက်နေကြောင်း ဆိုသည်။

အဆိုကို   အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သင့်၊မသင့်   လွှတ်တော်တွင်  အဆုံးအဖြတ်ရယူရာ  ကန့်ကွက်သူ မရှိ ၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ လူနေမှု အဆင့်အတန်းမြှင့်တင်ရေး ရည်ရွယ်ကာ အဆိုတင်သွင်းခြင်းဖြစ်ကြောင်း အဆိုရှင်က ပြောသည်။

ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးကဏ္ဍ ထွန်းကားရေး၊ ဒေသထွက်ကုန်ကြမ်းပေါ်တွင် အခြေခံ၍ ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့ရန် အဆင့်မြင့်ကုန်ချောထုတ်လုပ်ရေး စသည်တို့  ရည်ရွယ်၍  အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။ 

(7days)