ပူတင်ကိုဆန့်ကျင်သော ချီတက်ဆန္ဒပြမှုအတွက် အတိုက်အခံခေါင်းဆောင်ကို ရုရှားရဲတပ်ဖွဲ့ဖမ်းဆီး

မော်စကို၊ ရုရှား၊ ဇန်န၀ါရီ ၂၉

ရုရှားသမ္မတဗလာဒီမာပူတင်၏ သမ္မတအာဏာကို ၂၀၂၄ ခုနှစ်အထိ ချဲ့ထွင်သွားနိုင်သော လာမည့်ရွေး ကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြရန်တောင်းဆိုခဲ့ကာ   မော်စကိုမြို့၌ တနင်္ဂနွေနေ့က လူထောင်ပေါင်းများစွာကို ဦးဆောင်၍ ချီတက်ဆန္ဒပြခဲ့သော အတိုက်အခံခေါင်းဆောင် အလက်ဇီနေဗယ်နီအား ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့၏ဖမ်းဆီးမှုမခံရမီတွင် သူ့ကိုဝန်းရံသူများကြားထဲမှ အသက် ၄၁နှစ်အရွယ် နေဗယ်နီက “လူလိမ်နှင့် သူခိုးများ” ဟု အော်ဟစ်ကြွေးကြော်ကာ ဆန္ဒပြခဲ့သည်။ မော်စကိုမြို့လယ်ခေါင်တွင် ခွင့်ပြုချက်မရရှိဘဲ လူစု လူဝေးနှင့် ဆန္ဒပြခဲ့မှုအတွက် သူ့အား ယခုလိုဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

“ကျနော် အဖမ်းခံလိုက်ရပါပြီ။ ဒါဟာဘာမှ အဓိပ္ပါယ်မရှိပါဘူး။ လမ်းမကြီးတွေ ပေါ်ထွက်လာခဲ့ကြပါ” ဟု နေဗယ်နီက သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ဒါ့အပြင်သူက “ခင်ဗျားတို့ဟာ ကျနော့်အတွက် ချီတက်ဆန္ဒပြရမှာမဟုတ်ပါဘူး။ ခင်ဗျားတို့အတွက်၊ ခင်ဗျားတို့ ရဲ့ အနာဂတ်အတွက် ချီတက်ရမှာဖြစ်ပါတယ်” ဟုလည်း နှိုးဆော်ခဲ့သည်။

ရုရှားနိုင်ငံမြို့တော် မော်စကိုနှင့် အခြားမြို့အများအပြား၌ သမ္မတ ပူတင် အား ဆန့်ကျင်သော ထောင်နှင့်ချီသော လူအုပ်ကြီးသည် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိဟု ကြွေးကြော်ခဲ့ကြသလို “မဲပေးသူများ၏ သပိတ် မှောက်မှု” ဟု ရေးသားထားသော ဆိုင်းဘုတ်များ၊ ကတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ချီတက်ဆန္ဒပြမှုများကြောင့် နိုင်ငံတစ်ဝန်း၌ လူပေါင်း ၉၀ ၀န်းကျင်ခန့် အဖမ်းခံခဲ့ရကြောင်း ရုရှားနိုင်ငံ အတွင်းရှိ ဆန္ဒပြပွဲများနှင့် ဖြိုခွင်းမှုများကို လေ့လာစောင့်ကြည့်နေသော လွတ်လပ်သည့်အဖွဲ့၏ အဆိုအရ သိရသည်။

“ဒါဟာမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမတို့ဘက်က မဲရလာဒ်ကို ကြိုသိနေပြီးသားပါ ကျမကတော့ မဲသွားပေးမှာ မဟုတ်ပါဘူး” ဟု အသက် ၆၂ နှစ်အရွယ်ရှိ မော်စကိုမြို့မှ ဆန္ဒပြသူ အယ်လီနာရုဇ်ချီ က ပြောခဲ့သည်။    

-Ref; AFP