ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ခြောက်လတာဘတ်ဂျက် ကျပ်ဘီလီယံ ၁,၂၀၀ ကျော် သုံးစွဲရန်လျာထား

ဘဏ္ဍာနှစ်ပြောင်းလဲရေးကာလ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ် ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁,၂၀၀ ကျော် သုံးစွဲရန်လျာထားကြောင်း ယင်းဝန်ကြီး ဌာနတို့က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းသည်။

ဇန်နဝါရီ ၁၇ ရက်က နေ ပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေး၌ ၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိ ခြောက်လအတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါရငွေ၊ သုံးငွေများနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ဝန်ကြီးဌာန နှစ်ခုက အထက်ပါ အတိုင်း ရှင်းလင်းတင်ပြ သည်။

ဘဏ္ဍာနှစ်   ပြောင်းလဲရေး ကာလ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု အသုံးစရိတ် ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော် အသုံးပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက လွှတ်တော်သို့ တင်ပြထားသည်။ အဆိုပါ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာနက ကျပ် ၈၀၇ ဘီလီယံကျော် သုံးစွဲရန် တောင်းခံထားပြီး ယင်းပမာဏ သည် ပြည်ထောင်စု အသုံးစရိတ် စုစုပေါင်း၏ ၇ ဒသမ ၅၆ ရာခိုင် နှုန်းဖြစ်သည်။

ထို့အတူ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်ထောင်စုအသုံးစရိတ် စုစု ပေါင်း၏ ၃ ဒသမ ၉၃ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၄၁၉ ဘီလီယံ ကျော် တောင်းခံထားသည်။ ခြောက်လ အတွင်း   ကျပ် ၈၀၇ ဘီလီယံ ကျော် သုံးစွဲကာ အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ် ပညာများ ဆက်လက် ပညာသင်ယူနိုင်ရေး၊ လိုအပ်သော ဆရာ၊ ဆရာမများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ကျောင်း ဆောင်များတည်ဆောက်ခြင်း၊ စာသင်ခန်းများ ပြင်ဆင်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့် ဆည်း ပေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမျိုးသိမ်းကြီး က ပြောကြား သည်။

ကျန်းမာရေးဝန်ကြီးဌာန သည် ကျပ် ၄၁၉ ဘီလီယံ သုံးစွဲရန် လျာထားပြီး ငွေလုံးငွေရင်းခေါင်း စဉ်ဖြင့် သုံးစွဲရန် တောင်းခံထားသည့် ငွေကြေးများကို အဆောက်အအုံများ ဆောက်လုပ်ရန်၊ ဆေးဝါး များနှင့် ဆေးရုံသုံး စက်ပစ္စည်းများ ဝယ်ယူရန် သုံးစွဲမည်ဖြစ်ပြီး သာမန်အသုံးစရိတ် ခေါင်းစဉ် အောက်တွင် လစာ၊ ခရီးစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ် စသည်တို့ ပါဝင်သည်ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ဝန်ကြီးဌာနများက တောင်းခံထားသည့် ဘတ်ဂျက်စာရင်းအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနတို့က ပြည်ထောင်စုအ သုံးစရိတ် စုစုပေါင်း၏ ၂၀ ရာခိုင် နှုန်းကျော်စီဖြင့် အများဆုံးတောင်းခံထားပြီး အဆိုပါဝန်ကြီးဌာနနှစ် ခုနောက်တွင် ကာကွယ်ရေးဝန် ကြီးဌာနက ၁၂ ရာခိုင်နှုန်း ကျော်ဖြင့် တတိယအများဆုံး တောင်း ခံထားသည်။

စုစုပေါင်း အသုံးစရိတ်၏ ၁ ရာခိုင်နှုန်းအောက်သာ သုံးစွဲရန် လျာထားသော ဝန်ကြီးဌာန ၁၀ ခု ပါဝင်ပြီး ၎င်းတို့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန် ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာနတို့ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြည်ထောင်စုအသုံးစရိတ် စုစုပေါင်း၏ ၂ ရာခိုင်နှုန်းကျော် တောင်းခံပြီး ပြည်ထဲရေးဝန်ကြီး ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က စုစုပေါင်းအသုံးစရိတ်၏ ၃ ရာခိုင် နှုန်းကျော်စီ အသီးသီးသုံးစွဲရန် လျာထားတောင်းခံထားသည်။ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနက ပြည်ထောင်စုအသုံး စရိတ် စုစုပေါင်း၏ ၄ ရာခိုင်နှုန်း ကျော် တောင်းခံဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက လွှတ်တော်သို့ တင် သွင်းထားသည့် ဘဏ္ဍာနှစ် ကူး ပြောင်းရေးကာလ ၂၀၁၈ ခြောက် လဘတ်ဂျက်အသုံးစရိတ်များနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ်များပါဝင်သည့် ပူး ပေါင်းအဖွဲ့ ၁၇ ဖွဲ့က စိစစ်နေပြီး တွေ့ရှိချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံတင်ပြမည်ဖြစ်သည်။