ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုအနီး တရုတ်စစ်သင်္ဘော ခုတ်မောင်းခြင်းကို ဂျပန် သတိပေး

ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုအနီးမှ တရုတ် စစ်သင်္ဘော ဖြတ်သန်း ခုတ်မောင်းမှုအတွက် ဂျပန်က တရုတ် သံအမတ်ကို ဆင့်ခေါ် သတိပေးခဲ့ကြောင်း သိရသည်။

အရှေ့တရုတ် ပင်လယ်အတွင်းရှိ ဂျပန်နှင့် တရုတ်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ ဆန်ကာကူ ကျွန်းစုအနီးမှ တရုတ်၏ ဖရီးဂိတ် စစ်သင်္ဘောတစ်စီး ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ ဆန်ကာကူ ကျွန်းစုကို ဂျပန်က ထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း အရေးဆိုနေသည်။ ယင်းကျွန်းစုကို တရုတ်တွင် ဒိုင်အိုယူဟု သုံးနှုန်း ခေါ်ဝေါ်သည်။

သေးငယ်သော်လည်း အနီးပတ်ဝန်းကျင်တွင် သဘာဝ သယံဇာတ အများအပြား ထွက်ရှိနိုင်သည့် အလားအလာများ တွေ့ရသော ကျွန်းစုနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့ကြား ယခင်ကလည်း အခြေအတင် အငြင်းအခုံများ ဖြစ်ပေါ်ခဲ့ဖူးသည်။

တရုတ်သည် အဆိုပါ ကျွန်းစု အနီးသို့ ကမ်းခြေစောင့်တပ် လှေငယ်အချို့ဖြင့် ပုံမှန် ကင်းလှည့် ခုတ်မောင်းစေသော်လည်း ဖရီးဂိတ် စစ်သင်္ဘောကြီးတစ်စီး ပို့လွှတ်ခဲ့ခြင်းမှာမူ နယ်ကျော် ခြိမ်းခြောက်မှု တစ်ခုဟု ဂျပန်က ယူဆနေသည်။ ထို့အပြင် ယခုသီတင်းပတ်အတွင်း တရုတ် ဖရီးဂိတ်စစ်သင်္ဘော ချဉ်းကပ် ခုတ်မောင်းချိန်၌ အနီးတွင် အမျိုးအမည်မသိ ရေငုပ်သင်္ဘော တစ်စီးပါ ရှိနေခဲ့ကြောင်း ဂျပန်က ကြေညာခဲ့သည်။

ဆန်ကာကူ အနီးသို့ ကြီးမားသော တရုတ် ဖရီးဂိတ် စစ်သင်္ဘော တစ်စီးနှင့် မည်သည့်ရေတပ်က ပိုင်ဆိုင်ကြောင်း အတိအကျ မသိရသည့် ရေငုပ်သင်္ဘော တစ်စီးတို့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ချဉ်းကပ်ခဲ့ကြောင်း၊ သို့သော် နှစ်စီးစလုံး ဂျပန်ရေပိုင်နက်ထဲ ဝင်ရောက်မှု မရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုကျိုရှိ တရုတ်သံအမတ်ကို ဆင့်ခေါ်ကာ တရုတ်ရေတပ်၏ လုပ်ရပ်အပေါ် စိုးရိမ် စိတ်ပျက်ကြောင်း သတိပေးခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လူကန်းကမူ ဂျပန်ဘက်မှ လှုပ်ရှားမှုများကို တရုတ်က ထောက်လှမ်းခဲ့ခြင်းဖြစ်ပြီး ဒိုင်အိုယူသည် တရုတ်ပိုင် ဒေသဖြစ်ကြောင်း ပြောကြားသွားသည်။

ကုလသမဂ္ဂတွင် သတ်မှတ်ထားသည့် သဘောတူညီမှုများအရ နိုင်ငံများ၏ ရေပိုင်နက် နယ်နိမိတ်အနီး ဆက်စပ် တည်ရှိနေသည့် ကျွန်းစုများကို သက်ဆိုင်ရာ နိုင်ငံတစ်ခုစီက အတိုင်းအတာ၊ အကန့်အသတ်ဖြင့် ထိန်းချုပ် ပိုင်ခွင့်ရှိကြောင်း သိရသည်။

၂၀၁၂ အတွင်းက ဆန်ကာကူ ကျွန်းစုရှိ ကျွန်းငယ်အချို့ကို ပုဂ္ဂလိက ပိုင်ဆိုင်သူများထံမှ ဂျပန်အစိုးရက ဝယ်ယူခဲ့သည့်နောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်ခဲ့ဖူးသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တရုတ်သည် ကျွန်းစု အနီးတဝိုက်သို့ ရေယာဉ်များ မကြာခဏ စေလွှတ်ကာ အဆိုပါ ဧရိယာကို ဂျပန်က ကာကွယ်နိုင်စွမ်းနှင့် ပတ်သက်၍ အကဲစမ်းနေခဲ့သည်။ 

Ref: Newsweek