ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေး အစိုးရနှင့် တရုတ်ကုမ္ပဏီ ဆက်တိုက် ဆွေးနွေးနေ

ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ရခိုင်ပြည်နယ် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအမြန် အကောင်အထည်ဖော်နိုင်ရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် ရွေ့လျားအိမ်ရာ အလုံး ၁၀၀ လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကလည်း တိုက်တွန်း ပြောကြားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ပေါ်လာပါက ရခိုင်ပြည်နယ်၏ လက်ရှိစီးပွားရေး အခြေအနေထက် တိုးတက်လာရန် အထောက်အကူဖြစ်နိုင်သည်ဟု တရုတ်သံ အမတ်ကြီးက ပြောသည်။ ‘‘အမြန် စသင့်တာတော့ မှန်ပါတယ်။ လုပ်ရမယ့်အဆင့်တွေများတော့ တစ်ဆင့်ချင်းစီ လုပ်နေပါတယ်။ ဆွေးနွေးစရာတွေ များတယ်။ သဘောတူညီမှုတွေများတော့ နှစ်လနဲ့သုံးလလောက်ကြာနိုင်တယ်။ ဆွေးနွေးမှုတွေအပြီးမှာ နှစ်ဖက် သဘောတူညီချက်တွေ ထွက်လာပါလိမ့်မယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt, One Road) စီမံကိန်းကို မြန်မာနိုင်ငံဘက်မှ မူအားဖြင့် သဘောတူထားခြင်းကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်၍ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပေးမည်ဟု တရုတ်ကုမ္ပဏီက ပြောကြားထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်တွင် ပြောခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် အဆိုပါစီမံကိန်းကို တရုတ်ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာ ဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ရန် သဘောတူထားပြီး လက်ရှိ အစိုးရက သဘောမတူ၍ ပြန်လည် ညှိနှိုင်းခြင်းဖြစ်သည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် ကျောက်ဖြူမြို့တွင် တည်ရှိပြီး တရုတ် အစိုးရပိုင် CITIC ကုမ္ပဏီ အုပ်စုက အကောင်အထည်ေ ဖ်ာခွင့် ရထားသည်။ အဆိုပါစီမံကိန်းကို ယခင် အစိုးရသက်တမ်း ကုန်ဆုံးခါနီးတွင် အလျင်အမြန် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်နေသော စီမံကိန်းဖြစ် သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်းနှစ်ခုကို ကန် ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံ ပြီး မြေဧက ၄,၂၀၀ ကျော် အသုံး ပြုမည်ဟုဆိုသည်။