NCA လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်မည်

 

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြိုလူထုတွေ့ဆုံပွဲ)များ ကျင်းပရာတွင် ကြုံတွေ့ရသည့် အခက်အခဲအပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တွင် ချင်းမိုင် မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ခေါင်းဆောင်အချို့က ပြောကြားသည်။

‘‘ဘာရည်ရွယ်ချက်နဲ့ အရေးပေါ်ခေါ်လဲဆိုတော့ မသိဘူး။ အဓိကကတော့ KNU ဘက်က ထွက်တဲ့အသံတွေနဲ့ KNU ခေါင်းဆောင်တွေက ခေါ်ချင်တာနဲ့တူပါတယ်။ နောက် RCSS ကလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အခက်အခဲတွေ ဖြစ်နေတော့ ပြဿနာပေါင်းစုံကို လက်ငင်းရှင်းဖို့အတွက် အရေးပေါ်တိုင်ပင်ဖို့ ခေါ်သလားမသိဘူး’’ဟု ပအိုဝ်း အဖွဲ့(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

ဇန်နဝါရီ ၅ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) ဌာနချုပ်၌ ကျင်းပသော KNLA တပ်ပိုင်း ဆိုင်ရာ အရာရှိများ အရေးပေါ်အစည်းအဝေးတွင် တပ်မှူးများက လက်ရှိ NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုသည် ထိရောက်မှုမရှိတော့၍ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဆိုင်းငံ့ထားစေလိုကြောင်း သဘောထားပေးခဲ့သည်။

RCSS ဦးဆောင်ပြီး ရှမ်း ပြည်နယ် လင်းခေးမြို့၌ ကျင်းပရန် သဘောတူညီမှုရထားသော ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံမှုများကို ဒီဇင်ဘာက ပြုလုပ်ရာတွင် တပ်မတော်က တားဆီးမှုများရှိခဲ့သည်။ ထို့အ ပြင် ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အ ထိ တောင်ကြီးမြို့၌ အကြိုဆွေး နွေးပွဲကျင်းပရန် RCSS နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (SNLD) တို့၏ အဆိုပြုချက်ကို အစိုးရနှင့် တပ်မတော်၏ ခွင့်ပြုချက်မရရှိ၍ မလုပ်ဖြစ်တော့ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ပြောသည်။ ထို့ကြောင့် ဇန်နဝါရီ ၁၂ ရက်ခန့် တွင် ကျင်းပရန်ရှိသော လင်းခေး ဆွေးနွေးပွဲသည် မသေချာပေ။

ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ယခုကဲ့သို့ အပစ်ရပ်ရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအ ဝေးခေါ်ယူရခြင်းသည် တပ် မတော်ဘက်က လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (DDR/ SSR) လုပ်ငန်းများစတင်ရန် သဘောထားကြောင့် ဖြစ်နိုင်သည်ဟု ပြောသည်။ ‘‘တပ်မတော်က နေပြီးတော့ တပ်မတော်တစ်ခုတည်းရှိရမယ်။ နိုင်ငံရေးလုပ်ချင် နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင် ရွေးကောက်ပွဲမဝင်ဘူးဆို အရပ်သားလုပ်။ အဲဒီလိုပုံစံမျိုး သတင်းတွေ ထွက်လာတော့ ကျွန်တော်တို့ EAO ရှစ်ဖွဲ့အတွင်း မကျေမလည်ဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြေရှင်းလို့မပြီးခင် DDR/SSR လုပ်မယ်လို့ တပ်မတော် က အဲဒီလိုဖြစ်လာတယ်။ အဲဒါကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ PPST အစည်းအဝေးလုပ်ပြီးတော့ ဆွေးနွေးမယ့် သဘောရှိတယ်။ အဲဒီလို အတင်းလုပ်ရင် ကျွန်တော်တို့က တတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံကိုရွှေ့ဖို့ ကျွန်တော်တို့ တင်ပြမယ်’’ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလကုန်တွင်ကျင်းပရန် သတ်မှတ်ထားသည့် ၂၁ ရာစု ပင်လုံအစည်းအဝေးမတိုင်မီ လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။

7daydaily