သင်တန်းဆင်းပွဲ၌ ပါတီဝင်သစ် အဆိုပြုလွှာများပေးအပ်

မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းအား ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးမင်းက ပါတီဝင်သစ် ၁ဝ၃ ဦး၏ အဆိုပြုလွှာများအား ပေးအပ်ရာ တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းသန်း(မင်္ဂလာဒုံ)