စပိန် တင်းနစ်အကျော်အမော် နာဒယ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်ရရှိ

၂၀၁၇ တင်းနစ်ပြိုင်ပွဲရာသီ ကုန်ဆုံးချိန်မှာ စပိန်တင်းနစ်ကစားသမား ရာဖေးလ် နာဒယ်က ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိပြီး ရာသီသိမ်းနိုင်ခဲ့သလို နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာကတော့ အဆင့် ၂ နေရာ ရရှိခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ၂၀၁၇ နှစ်စပိုင်း ပြိုင်ပွဲတွေ စတင်ချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့်  အဆင့် ၉ နဲ့ အဆင့် ၁၆ နေရာတွေမှာပဲ ရှိခဲ့ပေမယ့် ရာသီအကုန်မှာတော့ အခုလို အောင်ပွဲခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်ကတော့ အဆင့် ၁ ရရှိခဲ့ပေမယ့် နိုင်ပွဲတွေ ပိုမိုရရှိခဲ့တဲ့ ရော်ဂျာဖက်ဒါရာကတော့ အပျော်ရွှင်ဆုံးရာသီ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဒါရာဟာ နာဒယ်ကို ၂၀၁၇ နှစ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီးတော့ ဆုဖလားရရှိမှုလည်း ပိုမိုခဲ့ပါတယ်။

ဖက်ဒါရာဟာ တနှစ်ပတ်လည်လုံး သြစတြေးလျ၊ အင်ဒီယန်း၊ မီယာမီ၊ ဟေးလ်၊ ရှန်ဟိုင်း၊ ဝင်ဘယ်ဒန်၊ ဘေဆယ်မှာ ကျင်းပတဲ့ ဆုဖလား ၇ ဆု ရရှိခဲ့ပြီးတော့ နာဒယ်ကတော့ မွန်တီကာလို၊ ဘာစီလိုနာ၊ မက်ဒရစ်၊ ရိုလန်ဂါးရို့စ်၊ ယူအက်စ်အိုးပင်း၊ ဘေဂျင်း ဆုဖလား ၆ ဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဖက်ဒါရာဟာ နာဒယ်ထက် ပွဲပေါင်း ၂၁ ပွဲ လျှော့ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။

ATP ရဲ့ ထုတ်ပြန်ချက်အရ နာဒယ်ဟာ ရမှတ်ပေါင်း ၁၀၆၄၅ မှတ်နဲ့ ကမ္ဘာ့နံပါတ် ၁၊ ဖက်ဒါရာက ၉၆၀၅ နဲ့ အဆင့် ၂၊ နောက်ဆုံး ATP ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒီမီထရော့ဗ်က အဆင့် ၃ ရရှိခဲ့ပါတယ်။

နာမည်ကြီး ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးနဲ့ ဆာဘီးယား တင်းနစ်အကျော်အမော် ဂျူကိုဗစ်တို့ကတော့ အဆင့် ၁ ကနေ ၁၀ အတွင်းမှာ ရပ်တည်နိုင်ခဲ့ခြင်း မရှိပါဘူး။

(DVB)