ဆော်ဒီရှိ အထွဋ်အမြတ် ဗလီတစ်ခုထဲ အစ္စရေးတစ်ဦး ဝင်ရောက်ခဲ့မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်

အစ္စရေးတစ်ဦး ဆော်ဒီအာရေးဘီးယားရှိ မွတ်ဆလင် ဘာသာရေး အထွဋ်အမြတ် နယ်မြေတစ်ခုသို့ ဝင်ရောက် ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဝေဖန်ပြစ်တင်မှုများ ရှိနေကြောင်း သိရသည်။ ရုရှားတွင် မွေးဖွားပြီး အစ္စရေးနိုင်ငံသား ခံယူခဲ့သည့် အသက် ၃၁ နှစ်အရွယ် ဘန်ဇီယွန်သည် အီရန်၊ လက် ဘနွန်၊ ဆော်ဒီနှင့် ဂျော်ဒန် နိုင်ငံများသို့ သွားရောက်လည်ပတ်သည့် ဓာတ်ပုံများကို အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။ထိုဓာတ်ပုံများထဲတွင် ဆော်ဒီနိုင်ငံ၊ မဒီနာမြို့ရှိ တမန်တော် ဗလီကြီးထဲ ရောက်ရှိနေပုံကို လည်း တွေ့ရသည်။ အဆိုပါ ဗလီသည် အစ္စလာမ် ဘာသာရေးတွင် အရေးအပါဆုံး ဝတ်ပြုရာ နေရာတစ်ခု ဖြစ်သည်။ ဆော်ဒီတွင် မက္ကာမြို့ထဲသို့ အစ္စလာမ်ဘာသာဝင် မဟုတ်သူများကို ဝင်ရောက်ခွင့် တားမြစ်ထား သလို တမန်တော်ဗလီကြီး ရှိနေရာ မဒီနာမြို့လယ် နေရာသို့လည်း သွားရောက်ရန် မသင့်ကြောင်း အကြံပေး ထားသည်။ဂျူးဘာသာဝင် တစ်ဦးဖြစ်သည့် ဇီယွန်က တမန်တော် ဗလီထဲ ရောက်ရှိနေသည့်နောက် ယင်းနှင့် ပတ်သက်၍ အစ္စလာမ် ဘာသာဝင် အများအပြားက ဝေဖန်လာခြင်း ဖြစ်သည်။ ဂျူးဘာသာဝင် တစ်ဦးဖြစ်သော ဇီယွန်က “ဆော်ဒီ ပြည်သူတွေဟာ ဂျူးနိုင်ငံ (အစ္စရေး)နဲ့ ရင်ဘောင်တန်း ရပ်တည်ပေးမှာပါ”ဟု ရေးသားကာ ဗလီထဲတွင် ရိုက်ကူးထားသည့် ဓာတ်ပုံကို တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အခြားသော ပို့စ်တစ်ခုတွင်လည်း “အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှုတွေနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး ထွန်းကားပါစေ”ဟုလည်း ထပ်မံ ရေးသားထားသည်။

အင်တာနက်ပေါ်တွင် ဝေဖန်မှုများ ရှိနေသော်လည်း ဇီယွန်က မဒီနာရှိ ဘာသာရေး နယ်မြေများသည် လူအများအတွက် လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့် ပေးထားကြောင်း တုံ့ပြန်ခဲ့သည်။ ဇီယွန်သည် ၂၀၁၄ ခုနှစ်တွင် အစ္စရေး နိုင်ငံသားအဖြစ် ခံယူခဲ့ပြီး အစ္စလာမ် နိုင်ငံများသို့ အလည်အပတ် သွားရောက်ခြင်းသည် ၎င်း၏ ဝါသနာ တစ်ခုဖြစ်ကြောင်း ဆိုသည်။ အစ္စရေးသည် အာရပ်နိုင်ငံများနှင့် စစ်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲဖူးသော်လည်း ပြည်သူများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲ ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း ဇီယွန်က မှတ်ချက်ပေးခဲ့သည်။ “ကျွန်တော် သွားခဲ့တဲ့ အာရပ် နိုင်ငံတွေမှာ ဘယ်သူမှ ရန်လုပ်တာမျိုး မရှိပါဘူး။ အားလုံးက အစ္စရေးနိုင်ငံနဲ့ ဂျူးတွေကို သဘောကျတဲ့အကြောင်း ပြောကြပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်းက အာရပ် နိုင်ငံများသို့ တရားဝင် သွားရောက် လည်ပတ်ခြင်းဟု ဆိုသော်လည်း အစ္စရေးနှင့် ရုရှား ပတ်စ်ပို့တ်များအနက် မည်သည့်တစ်ခုကို အသုံးပြုခဲ့ကြောင်းမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ၎င်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို ဦးတည်သည်ဟု ဆိုထားသော်လည်း အင်တာနက်ပေါ်တွင် ဒေါသတကြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ “ဇီယွန်ဝါဒီတစ်ယောက် တမန်တော် ဗလီမှာ”ဟု Hashtagခံ၍ အာရပ်ဘာသာဖြင့် ရေးသားထားသော စာသားမှာ ၂၄ နာရီအတွင်း Twitter အသုံးပြုသူ ကိုးသိန်းကျော်ထံ ပျံ့နှံ့သွားသည်။ ဒေသတွင်းတွင် အီရန်၏ ရန်လို ခြိမ်းခြောက်မှု မြင့်တက် လာခြင်းကြောင့် အစ္စရေးနှင့် ဆော်ဒီ အစိုးရများကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် လုပ်ဆောင်နေသည့် အချိန်၌ ယခုဓာတ်ပုံကိစ္စ ပေါ်ပေါက်လာခြင်းဟုလည်း သိရသည်။

(ဘီဘီစီ)