မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာအသုံးအနှုန်းရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကိုဖီအာနန်တိုက်တွန်း

မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟူသည့်အသုံးအနှုန်းကို ရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်းကိုဖီအာနန်က တိုက်တွန်းပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင်ဖော် ပြသည်။ ကိုဖီအာနန်သည် နိုဝင်ဘာ ၆ ရက်က ဗာတီကန်နန်းတော်သို့ သွားရောက်၍ ပုပ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံပြီး ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ၎င်း၏ရခိုင်ဒေသရေးရာ အစီရင်ခံစာကို ဖတ်ရှုနိုင်ရန်ပေးအပ်ခဲ့ သည်ဟု ရိုက်တာကဖော်ပြသည်။

‘ရိုဟင်ဂျာ’ဟူသည့် အသုံးအနှုန်းသည် ထိရှလွယ်ကြောင်းနှင့် ၎င်း၏ ၆၃ မျက်နှာပါရခိုင် ပြည်နယ်အရေး အစီရင်ခံစာတွင်ပင် ရိုဟင်ဂျာဟူသည့်အသုံးအနှုန်းကို တစ်ကြိမ်မျှအသုံးမပြုခဲ့ဘဲ ရခိုင်ပြည်နယ်မှ မွတ်စလင် များဟုသာ သုံးနှုန်းခဲ့ကြောင်း ကိုဖီအာနန်က ပုပ်ရဟန်းမင်းကြီးအား ပြောကြားခဲ့သည်ဟု အဆိုပါသတင်းက ဆိုသည်။ မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဖြစ်သည်။

၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ‘ရိုဟင်ဂျာ’ဟူသည့် အသုံးအနှုန်း သုံးစွဲမည်ကို မြန်မာနိုင်ငံမှ ကက်သလစ် ဘာသာရေးခေါင်းဆောင်များက စိုးရိမ်မှုများရှိနေပြီး အဆိုပါအသုံးအနှုန်းကို ရှောင်ရှားရန် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်ဘို ကလည်း ပုပ်ရဟန်းမင်းကြီးထံ အကြံပြုချက်ပေးပို့ထားသည်။

‘‘ရဟန်းမင်းကြီးကြွရောက် လာတာက ကက်သလစ်ဘာသာ ၀င်တွေအတွက်ရော နိုင်ငံအတွက်ပါ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာဖြစ်တဲ့အတွက် စကားအသုံးအနှုန်းကအစ ခရီးစဉ်တစ်လျှောက်အဆင်ပြေဖို့ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်စိတ်တော့ ရှိပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ ဖာသာမာရီရာနို စိုးနိုင်က ပြောသည်။

ထို့အပြင် အဆိုပါအသုံးအနှုန်းကို မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှောင်ရှားရန် ကုလအတွင်းရေး မှူးချုပ်ဟောင်း၏ အကြံပြုချက် သည် ပုပ်ရဟန်းမင်းကြီး၏ ခရီး စဉ်အတွင်း စကားလုံးသုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ကက် သလစ် ဘာသာဝင်များ၏ စိတ်ပူပန်မှုကို လျော့ကျစေသည်ဟု ၎င်း က ပြောသည်။ ‘‘ကိုဖီအာနန်က မြန်မာပြည် ရဲ့ အနေအထားကို သူရှင်းပြခွင့်ရသလောက် ရှင်းပြခဲ့တယ်လို့ကြားပါတယ်။ စိတ်ပူနေတာကြီး လျော့သွား သလိုတော့ ဖြစ်သွားပါတယ်။ သူကပိုပြီးသေချာဂဃနဏ ရှင်းပြနိုင်မယ်။ သူက ရခိုင်အရေးကို သေသေချာချာ လေ့လာထား သူဖြစ်တော့ သူရှင်းပြတာက ထိရောက်မှာပါ’’ ဟု ဖာသာမာရီ ရာနိုစိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်သည် သဟဇာတကို ဆောက်တည်နေသောအားထုတ် လုပ်ဆောင်ခြင်း ကို အားပေးရန်၊ အများကောင်းကျိုးသယ်ပိုးခြင်းများ၌ ပူးပေါင်းဆောင်ရွက်ရ န်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး က သတင်းစကားပါးထားသည့် ဗီဒီယိုမက်ဆေ့ခ်ျဖိုင်တစ်ခုကို Pope Francis in Myanmar 2017 ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နိုဝင် ဘာ ၁၆ ရက်၌ လွှင့်တင်ထားသည်။

‘‘နိုင်ငံတော်ကို လေးစားသောစိတ်ထားနဲ့ အလည်အပတ် ကြွရောက်လိုခြင်းဖြစ်ပါတယ်။ သဟဇာတကို ဆောက်တည်နေသော အားထုတ်လုပ်ဆောင်ခြင်းကို အားပေးရန်၊ အများကောင်း ကျိုးသယ်ပိုးခြင်းများ၌ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရှင်သန်နေထိုင်တဲ့ကာ လဟာ ဘာသာတရားယုံကြည်သူ များနဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူတို့ဟာ အပြန်အလှန် နားလည်မှုနဲ့ လေးစားခြင်းတို့၌ တိုးတက်ရန်လိုအပ် နေသည်ကို နေရာတိုင်း၌ ခံစားနေရသောအချိန် အခါဖြစ်ပါတယ်။ လူသားထုတစ်ရပ်လုံးကို မိသားစုဝင် များလိုမှတ်ယူကာ အချင်းချင်း ရိုင်းပင်းကူညီဖေးမဖို့လည်း လိုအပ်နေပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီးက အဆိုပါ ဗီဒီယိုဖိုင်မှတစ်ဆင့် သတင်း စကားပါးထားသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်များ၊ သံတမန်အသိုင်းအ၀ိုင်း၊ နိုင်ငံတကာအဖွဲ့ အစည်း များနှင့် တွေ့ဆုံမည် ဖြစ် ပြီး ရန်ကုန်မြို့ ကျိုက္ကဆံကွင်း တွင် ရိုမန်ကက်သလစ်ဘာသာ ၀င်များကို တရားဟောကြားမည် ဖြစ်သည်။ ရိုမန်ကက်သလစ် အသင်းတော်၏ ၂၆၆ ပါးမြောက်ပုပ် ရဟန်း မင်းကြီးဖရန်စစ်သည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် မည့် ပုပ်ရဟန်းမင်းကြီးဖြစ်သည်။