ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး

လွိုင်ကော်မြို့၊ နိုဝင်ဘာလ(၁၅)ရက်

၁၅-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ် သီးသန့်အစည်းအဝေး ခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်-နယ်မြေတာဝန် ခံ) ဖါးဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် သည် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ်ပါသည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် (ကယားပြည်နယ်-နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်မှ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများ အသေးစိတ်ဆွေးနွေးသွားပါသည်။

ဆက်လက်ပြီး တက်ရောက်လာသော ပြည်နယ်ပါတီ နာယက၊ ပြည်နယ် အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များနှင့် လွိုင်ကော်မြို့နယ် ပါတီဥက္ကဌတို့က လိုအပ်သည်များကို ဆွေးနွေးတင်ပြကြပါသည်။

အဆိုပါတင်ပြချက်များကို ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ကယားပြည်နယ် နယ်မြေတာဝန်ခံ ဦးဝင်းမြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြား သွားပါသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဖါးဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမျိုးမြင့်ဦးနှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေတို့ စုစုပေါင်းအင်အား(၁၄)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။