ဂျနီဗာတွင် ၁၆၃ ကာရက် စိန်ကြီးတစ်ပွင့်ကို ဒေါ်လာ ၃၃.၅ သန်းဖြင့် လေလံတင် ရောင်းချ

အနာအဆာကင်းသည့် ၁၆၃ ကာရက် စိန်ပွင့်ကြီးတစ်ခုကို လေလံတင် ရောင်းချရာ ဒေါ်လာ ၃၃.၅ သန်းထိ ရရှိခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တော်တွင် Christie လေလံဌာန၏ လေလံပွဲ၌ ယင်းစိန်ကြီးကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ရောစပ် အရောင်အဆင်း လုံးဝမရှိဘဲ ထောင့်မှန်စတုဂံပုံ သွေးထားသည့် စိန်ပွင့်ကြီးကို လည်ဆွဲဘယက် တစ်ခုနှင့် တွဲဖက်ထားသည်။

အဆိုပါ စိန်ကြီးကို အန်ဂိုလာ နိုင်ငံတွင် တူးဖော် ရရှိခဲ့ပြီး စိန်ရိုင်းအဆင့်တွင် ၄၀၄ ကာရက် အလေးချိန် ရှိခဲ့သည်။ အဆိုပါ စိန်ကြီးနှင့် တွဲဖက်ထားသည့် လည်ဆွဲတန်ဆာမှာ ရွှေဖြူ၊ အသေးစား စိန်ပွင့်များ၊ မြကျောက်တို့နှင့် အလှဆင်ထားသည်။ ထိုလည်စွဲကို နာမည်ကျော် ဆွစ်ဇာလန် ကျောက်မျက်ရတနာလုပ်ငန်း de Grisogonoက နာရီပေါင်း ၁၇၀၀ ကျော် အချိန်ယူကာ ဖန်တီးထားခြင်း ဖြစ်သည်။

ဂျနီဗာမြို့ရှိ Four Seasons ဟိုတယ်တွင် လေလံတင် ရောင်းမချမီက စိန်ပွင့်ကြီးကို ဟောင်ကောင်၊ လန်ဒန်၊ ဒူဘိုင်းနှင့် နယူးယောက် မြို့ကြီးများသို့ လှည့်လည် ပြသခဲ့ဖူးသည်။ အဆိုပါ စိန်ပွင့်ကြီးနှင့် လည်ဆွဲကို The Art of de Grisogonoဟု အမည်ပေးထားသည်။ ဂျနီဗာတွင် လေလံဆွဲ ဝယ်ယူသွားသူ၏ အမည်ကိုမူ ထုတ်ပြန်ခြင်း မရှိချေ။

ယခုသီတင်းပတ် အစောပိုင်းကမူ ဂျနီဗာတွင် Pink Starဟု အမည်ပေးထားသည့် ပန်းရောင် စိန်ပွင့်ကြီး တစ်ပွင့်ကို စံချိန်တင် ဈေးနှုန်းအဖြစ် ဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချနိုင်ခဲ့သေးသည်။ အလျားနှင့်အနံ ၂.၆၉ စင်တီမီတာနှင့် ၂.၀၆ စင်တီမီတာ အရွယ်ရှိသော စိန်ပွင့်ကြီးကို လက်စွပ်တစ်ကွင်းတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။

ယခင်က စိန်တစ်ပွင့်အတွက် စံချိန်တင် အမြင့်ဆုံး ဈေးနှုန်းမှာ ၂၀၁၆ ခုနှစ်၊ မေလက ရောင်းချခဲ့သည့် ၁၄.၆၂ ကာရက်အရွယ် Oppenheimer Blue စိန်ပွင့်ဖြစ်ပြီး ဒေါ်လာ ၅၀.၆ သန်းထိ ရရှိခဲ့သည်။

 Ref: BBC