ငလျင်ကြောင့် အီရန်မှာ လူ ၄၀၀ ကျော် သေဆုံး

အီရန်နဲ့ အီရတ် နယ်စပ်မှာ တနင်္ဂနွေညက ပြင်းအား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်သွားတဲ့အတွက် နှစ်နိုင်ငံပေါင်း လူ ၄၀၀ ကျော်သေဆုံးပြီး လူတွေ နေအိမ်တွေကနေ ထွက်ပြေး ရပါတယ်။

ငလျင်လှုပ်သွားတာကို မိုင် ၆၆၀ ကျော်ဝေးတဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းကတောင် သိရတယ်လို့ အာဏာပိုင်တွေက မနေ့က ပြောပါတယ်။

အီရန်အနောက်ပိုင်းက တောင်တန်းတွေထူပြောပြီး စိုက်ပျိုးရေးလုပ်ငန်းကို အားပြုရတဲ့နေရာမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ ၄၀၇ ယောက်သေဆုံးပြီး ၆၇၀၀ ဒဏ်ရာရသွားတယ်လို့ အီရန်အာဏာပိုင်တွေက ပြောပါတယ်။

အီရတ်နိုင်ငံမှာတော့ နိုင်ငံမြောက်ပိုင်း Kurdish ဒေသမှာ ငလျင်လှုပ်သွားတာဖြစ်ပြီး အနည်းဆုံး လူ ၇ ယောက် သေဆုံးရတဲ့အပြင် ၅၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ကြေညာပါတယ်။

(RFA)