တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

တနင်္သာရီ နိုဝင်ဘာ ၉

ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်ပြီး ပါတီဝင်များအား ကိုယ်တိုင်ချီးမြှင့်အားပေးလျှက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ ကျေးရွာလုံးကျွတ်ပါတီဝင် ကျေးရွာသူကျေးရွာသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ပါတီဥက္ကဋ္ဌမှအမှာစကားပြောကြားပြီးနောက် ပါတီဝင်အဆိုပြုလွှာများပေးအပ်ရာ ပါတီဝင်များကိုယ်စား ကျေးရွာစည်းရုံးရေးမှူးမှ ပေးအပ်ရာ ထားဝယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးယုနိုင်မှလက်ခံရယူခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ ပါတီဝင်ကြေးများအားပေးအပ်ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှပြန်လည်လက်ခံရယူသည်။

၎င်းနောက် ပါတီဌာနချုပ်မှပေးအပ်သည့် မေတ္တာလက်ဆောင်အား ပါတီအထွေထွေအတွင်းရေးမှူးမှ ပေးအပ်ရာ ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသားများမှ လက်ခံရယူပြီး နောက် ပါတီဥက္ကဋ္ဌနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များမှ ပါတီဝင်သစ်များအား ပါတီတံဆိပ်ရင်ထိုးများအား ကိုယ်တိုင်တပ်ဆင်ပေးခဲ့ကြသည်။ ထို့နောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးမှ ပါတီဝင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုပါတီအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာအောင်မြတ်ဦး၊ တိုင်းပါတီဥက္ကဋ္ဌဦးသန်းအောင်၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။

#ပြည်သူ့ဆက်ဆံရေး