ရုပ်ရှင်အကြိုခံစားခြင်း *** မယားကြောက်ရွာ ***

 

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မိန်းမကိုကြောက်တတ် သူတွေအကြောင်း ရိုက်ကူးထား တဲ့ ဇာတ်ကား လေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။ မယားကြောက်ရွာဆိုတဲ့ ရွာကြီးက ခေတ်ကာလ ကြာတာနဲ့ အမျှ ရွာကယောက်ျားတွေက မိန်းမတွေကိုကြောက်တာကြောင့် မယားကြောက်ရွာဆိုပြီး ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီလို ရွာနာမည်ဖြစ်သွားပြီးတဲ့ အချိန်မှတော့ သူတို့ရွာမှာ မယားကြောက်သူများ အစည်းအရုံး တို့၊ လင်နိုင်သူများအစည်းအရုံးတို့ဆိုပြီး အဖွဲ့တွေ ဖွဲ့လှုပ်ရှားကြပါတယ်။ သူတို့ရွာမှာက လင်မယားတိုင်းမှာ လင်တွေက မယားတွေကို ကြောက်နေ ရတာက အစဉ်အလာလိုဖြစ်လာခဲ့ပါတယ်။ အဲဒီအစဉ်အလာတွေကို ရိုက်ချိုးဖို့ ပြင်ဆင်ခဲ့သူနှစ်ဦးရှိပါတယ်။ သူတို့ကတော့ သာချိုနဲ့ရှင်ကြီးပါ။ သာချိုနဲ့ရှင်ကြီးက မယားကြောက်ရွာ ဖြစ်နေတာက အဓိပ္ပာယ်မရှိ ဘူးလို့ခံယူထားသူတွေပါ။ အဲဒါကြောင့် မယားတွေကို ကြောက်ကြတဲ့ ရွာသားတွေ က သူတို့နှစ်ယောက်ကို အရမ်းအားကိုးပါ တယ်။

သူတို့ရွာမှာ ရွှေမိနဲ့ ငွေလှိုင် တို့က အပျိုကြီးတွေဖြစ်ပေမယ့် လင်နိုင်သူများအစည်းအရုံးရဲ့ အကြံပေးတွေပါ။ သူတို့နှစ်ယောက် နဲ့ သာချို နဲ့ရှင်ကြီးတို့ နှစ်ယောက်က တစ်ခါတွေ့ဖူးပြီး တစ်ယောက် နဲ့ တစ်ယောက်လည်း စိတ်ဝင်စားကြပါတယ်။ မယားကြောက်တဲ့ဓလေ့ကို ဖြေရှင်းနိုင်ဖို့နည်းလမ်း အနေနဲ့ သာချို နဲ့ ရှင်ကြီးက ရွှေမိ နဲ့ ငွေလှိုင်တို့ကို အပိုင်ချုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ရွှေမိ နဲ့ ငွေလှိုင်တို့ဘက်မှာ လည်း အကြံနဲ့ပါ။ မယားကြောက်တဲ့ ရွာသားတွေက သာချိုနဲ့ ရှင်ကြီးကို အားကိုးနေတာကြောင့် သူတို့ကလည်း သာချိုနဲ့ရှင်ကြီးကို ပညာပေးဖို့ စီစဉ်နေခဲ့ကြတာပါ။ အဲဒါ ကိုသာချိုနဲ့ ရှင်ကြီးတို့ကတော့မသိခဲ့ကြပါဘူး။ သူတို့သိလိုက်တာက မင်္ဂလာဦးညမှာမှ သိလိုက်ရပါတယ်။ အဲဒါကြောင့်သာချိုနဲ့ ရှင်ကြီးတို့ နှစ်ယောက်စလုံးလည်း မယားကြောက်စာရင်း ဝင်သွား ခဲ့ကြပါတယ်။

မယားတွေကို အမြဲတမ်း ကြောက်နေရတာကြောင့် သူတို့ရွာက ယောက်ျားတွေက  အားနွဲ့တဲ့ယောက်ျားတွေ အဖြစ် သူတို့ကိုယ်သူတို့ ခံယူလိုက်ကြပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဖြစ်လာဦး မှာလဲဆိုတာကိုတော့ နိုဝင်ဘာ ၃ ရက် ကနေစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမယ့် မယားကြောက်ရွာ ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက် ရှုစား ပေးပါ။ ဒီဇာတ်ကားမှာ သာချိုအဖြစ် လူမင်း၊ ရှင်ကြီးအဖြစ် ခန့်စည်သူ ရွှေမိအဖြစ် စိုးမြတ်သူဇာ၊ ငွေလှိုင်အဖြစ် ခိုင်သင်းကြည်တို့က အဓိကပါဝင် ထားပြီး ညီထွဋ်ခေါင်၊ ခင်လှိုင် ၊ဒိန်းဒေါင်၊  သွန်းဆက်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဝါဝါ အောင်ပွင့်တို့နဲ့ ဇာတ်ပို့ဇာတ်ရံ အင်အားကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ နေစိုးသော်ရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာကိုဇော် (အ ရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။