NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို အစိုးရက နှစ်ဖွဲ့ခွဲ၍ တစ်ပတ်အတွင်း လိုက်လံ တွေ့ဆုံမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီက လာမည့်တစ်ပတ်အတွင်း သွားရောက်ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန် ခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ညှိနှိုင်းမှုများပြုလုပ်မည်ဖြစ် ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

‘‘နှစ်ဖွဲ့ခွဲသွားမှာဆိုတော့ ဘယ်နေရာလို့တော့ မပြောနိုင်သေးဘူး။ တွေ့ပြီးဆွေးနွေးပြီးရင်တော့ တိုးတက်မှုတွေရလာမယ်လို့ မြင်ပါတယ်’’ ဟု ဦးလှမောင် ရွှေက ဆိုသည်။

NCA လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇွန်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း  သတင်း ရရှိသည်။

‘‘ရှေ့လုပ်ငန်းစဉ်ကတော့ Framework ကို ပြန်ပြင်ဖို့ရှိတယ်။ Framework ပြင်မှာကိုတော့ အခု လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါ ပါဝင်နိုင်ဖို့ဆိုပြီး နောက်တစ်လ၊ တစ်လခွဲလောက်အထိ ဒါကိုခဏရွှေ့ထားပြီးတော့ အခု ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေး ကော်မတီ ဘက်ကနေ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အားလုံးကို လိုက်တွေ့ဖို့ပြင်နေတယ်’’ ဟု  မေလ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့်  UPDJC အစည်းအဝေးအပြီး၌ ပင်လုံညီလာခံပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး  ဦးလှမောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကျင်းပ နိုင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်သင့်သည့်အဖွဲ့အားလုံး ပါဝင်လာရေးကို တစ်ပြိုင်နက် ဆောင်ရွက်မည်ဟု ပြောကြား ထားသည်။

NCA ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များမှာ ‘ဝ’ ပြည်သွေး စည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့ (NDAA)၊ ကေအိုင်အေ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ မွန်ပြည် သစ်ပါတီတို့ဖြစ်သည်။

ထို့အပြင် တအာင်း (TNLA)၊AA၊ ကိုးကန့် (MNDAA) သုံးဖွဲ့သည် NCA တွင် ပါဝင်ခြင်းမရှိသကဲ့သို့ တပ်မတော်ကလည်း အဆိုပါသုံးဖွဲ့ကို အသိအမှတ်ပြုခြင်းမရှိဘဲ လက်နက်စွန့်လွှတ်ရမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားထားသည်။

ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့မရှိသည့် လားဟူ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် ရခိုင် အမျိုးသားကောင်စီ (ANC)မှာလည်း NCA တွင် ပါဝင် ခြင်းမရှိဟု သိရသည်။

7 Day Daily


Leave a Reply