မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးသွားချင်တယ် ဆိုတဲ့ အလိန်းဂါလာနီ

အွန်လိုင်းတွင် စိတ်ဝင်စားနေကြတဲ့ ဖိုက်တာကြီး အလိန်းဂါလာနီကတော့ မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးခဲ့ချင်ပါတယ်လို့ ပြောလိုက်ကြောင်း One ChampionShip စာမျက်နှာတွင် ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်(သောကြာနေ့) ရန်ကုန်မြို့တွင် ကျင်းပမည့် အောင်လအန်ဆန်နှင့် အလိန်းဂါ လာနီတို့ရဲ့ One Hero’s Dream ဖိုက်တင်ပွဲကို မြန်မာပရိတ်သတ်များ အထူးစိတ်ဝင်စားနေကြသည်။

ဟောင်ကောင်ဖိုက်တာကြီး အလိန်းဂါလာနီက မွေထိုင်းလေးကြိမ်ချန်ပီယံ၊ ကစ်ဘောက်စင် ဟဲဗီဝိတ် ကမ္ဘာ့ချိန်ပီယံတစ်ယောက်ဖြစ်ပြီး မြန်မာပြည်ဖွား ဖိုက်တာ အောင်လအန်ဆန်ကတော့ ပူပူနွေးနွေး MMA မစ်ဒယ်လ်ဝိတ် ချန်ပီယံ ဖြစ်သည်။

“ကျွန်တော်က ဖျော်ဖြေသူတစ်ယောက်ပါ။ ပရိတ်သတ်တွေ ကျေနပ်အောင်လုပ်ပေးရတာကို သဘောကျတယ်၊ သူတို့လိုချင်တာ (ကြည့်ရတာ တန်အောင်) လုပ်ပေးချင်တယ်။ ကျွန်တော်က ပွဲတစ်ပွဲကို အမှတ်တရဖြစ်ကောင် ကစားလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော့်ပွဲတွေ အများစုက မှတ်မှတ်ရရဖြစ်စရာတွေပါပဲ” ဟု အသက် ၄၂ နှစ်အရွယ် အလိန်းဂါလာနီက ဆိုသည်။

ဒီပွဲကို ယှဉ်ပြိုင်ရန် ရန်ကုန်တွင် လာရောက် လေ့ကျင့်ဖို့ အမေရိကန်နိုင်ငံသား အောင်လအန်ဆန်က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရန်ကုန်ကို လာမည်ဖြစ်ကြောင်း အသိပေးထားသည်။ အလိန်းဂါ လာနီကလည်း ဝိတ်တန်းငယ်ပေမယ့် အောင်လအန်ဆန်ကို လျော့မတွက်ကြောင်း၊ စိတ်လှုပ်ရှားကြောင်း၊ ပြောထားသလို အောင်လအန်ဆန်ကလည်း စိတ်လှုပ်ရှားနေပါတယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။

အလိန်းဂါလာနီက သန်မာတောင့်တင်းမှု၊ လျင်မြန်ဖြတ်လတ်သော ခြေကန်ချက်များ စသည်တို့ဖြင့် နာမည်ကြီးသူ တစ်ယောက်ဖြစ်သည်။ တိုက်ခိုက်ရေးနည်း အနည်းဆုံး ၅ မျိုးကိုလည်း တက်မြောက်ထားသူ ဖြစ်သည်။

Photos©Alain Ngalani, One Championship