ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်း၏ ထိပ်ဆုံးနေရာတွင် စီရော်နယ်ဒို ရပ်တည်

မက်ဒရစ်၊ အောက်တိုဘာ ၁၉

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများစာရင်းတွင် တစ်နှစ်ဝင်ငွေပမာဏ ပေါင်သန်း ၇၀ ဖြင့် ထိပ်ဆုံးနေရာ၌ ရပ်တည် သွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

Forbes မဂ္ဂဇင်းသည် ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း ကစားသမားတစ်ဦးချင်းအလိုက် ကဏ္ဍအရပ်ရပ် မှ နေ၍ ရှာဖွေရရှိခဲ့သောဝင်ငွေများအပေါ်တွင်မူတည်၍ ယခုစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စီရော်နယ်ဒို ၏ နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဖြစ်သည်။

စီရော်နယ်ဒိုသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၌ ကဏ္ဍအရပ်ရပ်မှနေ၍ ၀င်ငွေရှာဖွေရရှိမှုတွင် မက်ဆီထက် ပေါင် ၁၀ သန်း သာလွန်ခဲ့ကာ ၀င်ငွေအများဆုံးရရှိသော ယင်းကစားသမားစာရင်းတွင် ထိပ်ဆုံး ၁၀ ဦးစာရင်း၌ အင်္ဂလိပ် အားကစားသမားများအနက်မှနေ၍ တစ်ဦးတည်းပါဝင်ခဲ့သူမှာ ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား လူးဝစ္စဟာမီလ်တန် ဖြစ်သည်။

Forbes မဂ္ဂဇင်း၏၂၀၁၆ ခုနှစ် တစ်နှစ်တာကာလ ၀င်ငွေအကောင်းဆုံးကစားသမား ထိပ်ဆုံး ၂၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်ကစားသမားများအနက်မှနေ၍ အီဘရာဟီမိုဗစ် တစ်ဦးတည်းသာ ပါဝင်ခဲ့ပြီး ဘာစီလိုနာမှ ပီအက်စ်ဂျီထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် နေမာမှာ တစ်နှစ်တာဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် အဆင့်ရှစ်နေရာသို့ ရောက်ရှိနေသည်။

စီရော်နယ်ဒိုသည် ဥရောပတစ်လွှားရှိ ကဏ္ဍအရပ်ရပ်(အားကစား၊ ဖျော်ဖြေရေး၊ အနုပညာအားလုံးကို ထည့်သွင်းတွက်ချက်ခြင်းဖြစ်သည်) ပုဂ္ဂိုလ်များ၏ တစ်နှစ်တာဝင်ငွေစာရင်းကို ထုတ်ပြန်ရာတွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး ၎င်း၏အထက်တွင် ရပ်တည်နေသူမှာ ဟယ်ရီပေါ်တာဝတ္ထုများဖြင့် ကမ္ဘာကျော်ခဲ့သော ဗြိတိန်နိုင်ငံသူ စာရေးဆရာမ ဂျေကေရိုးလင်းဖြစ်သည်။ ဂျေကေရိုးလင်းသည် ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလ အတွင်း၌ ၀င်ငွေပမာဏ ပေါင် ၇၁ သန်း ရှာဖွေရရှိခဲ့သည်။

(The vioce)