မွန်တိုင်းရင်းသားဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အချက်အလက်နှင့် နည်းပညာ ကူညီရန် အထောက်အကူပြု ရုံးခန်းဖွင့်မည်

မွန်လူမျိုး၊ မွန်ပြည်နယ်အရေးနှင့်သက်ဆိုင်သည့် မူဝါဒမူကြမ်းများရေးဆွဲရာတွင် လိုအပ်သောအချက်အလက်နှင့် နည်းပညာများကူညီနိုင်ရန် ရည်ရွယ်၍ အထောက်အကူပြုရုံးခန်းဖွင့်လှစ် တည်ထောင်မည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာဦးက ပြောသည်။

‘‘ကျွန်တော်တို့ ရုံးခန်းစီစဉ်နေပါတယ်။ လက်ရှိတော့ ရန်ကုန်မှာတော့ လျာထားတယ်။ မော်လမြိုင်မြို့မှာ လည်း လိုအပ်လို့ရှိရင် တွဲပြီးတော့လုပ်ကိုင်ဖို့ စဉ်းစားချက်ရှိပါတယ်ဗျ’’ဟု ဦးမင်းဇေယျာဦးကပြောသည်။ လက်ရှိ နိုင်ငံရေးအခင်း အကျင်းအရ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးစသော အရေးကြီး သောကဏ္ဍများအတွက် မူဝါဒ များရေးဆွဲရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပြီး လွတ်လပ်သော ပြည်တွင်းပြည်ပမှ မွန်လူမျိုးပညာရှင်များ ပါဝင်၍စုဖွဲ့ထားသည့် နည်းပညာ အထောက်အကူပြုအဖွဲ့က ရေးဆွဲထားသော မူဝါဒ များနှင့် အကြံပြုချက်များကို မွန်နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများထံ ပေးပို့ခြင်း၊ မွန်လူထုသိရှိအောင် ထုတ်ပြန်ခြင်းများ လုပ်ဆောင် မည်ဖြစ်ကြောင်း ဦးမင်းဇေယျာဦး က ရှင်းပြသည်။

ထို့အပြင် မွန်လူမျိုး လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ပြောရေး ဆိုခွင့်ရှိသော မွန်ခေါင်းဆောင်များအတွက် လိုအပ်သော သုတေသန အချက်အလက်များ ကူညီပံ့ပိုးပေးခြင်း ဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လွယ်ကူနိုင်မည်ဟု ၎င်းကပြောသည်။ နည်းပညာ အထောက်အကူပြု အဖွဲ့အနေဖြင့် မူဝါဒအကြံပြုချက်နှင့် အကြံဉာဏ်များကိုသာ ကူညီပေးမည်ဖြစ်ပြီး သက်ဆိုင်သောအဖွဲ့များက ၎င်းတို့၏ မူဝါဒအတိုင်းသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးမင်းဇေယျာဦးက ပြောသည်။

နည်းပညာအထောက်အကူပြု အဖွဲ့သည် လွတ်လပ်သော မွန်လူမျိုးပညာရှင်များဖြင့် စုဖွဲ့ထားသော အဖွဲ့ အစည်းဖြစ်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးဦးမှ သော်လည်းကောင်း၊ အဖွဲ့အစည်းတစ် ခုခုမှသော် လည်းကောင်း လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်မှုမှ ကင်းရှင်းရန် ရွယ်ရွယ်ထားကြောင်း ၎င်းကပြောသည်။ ထိုသို့ဖွဲ့စည်း၍ ရုံးခန်းဖွင့် လှစ်နိုင်ရန် မွန်ပြည်သစ်ပါတီ၊မွန် အမျိုးသားပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ တာဝန်ရှိ သူများ၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မွန်လူငယ်များထံ ညှိနှိုင်းတင်ပြခြင်းသဘောထားတောင်းခံခြင်းများ ဆောင်ရွက်ထားရှိကြောင်း ဦးမင်းဇေယျာဦးက ဆိုသည်။