အကြီးဆုံး နျူကလီးယား စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားကို ကုလက ဆန်ရှင်သစ်များ ချမှတ်

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၂

 မြောက်ကိုရီးယားနိုင်ငံ၏ စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ခြောက်ကြိမ်မြောက်နှင့် အကြီးဆုံး နျူကလီးယားစမ်းသပ်မှုကို အပြစ်ပေးသည့်အနေဖြင့် ၄င်းနိုင်ငံ၏ အထည်အလိပ် တင်ပို့မှုကို တားမြစ်ကာ ရေနံထုတ်ကုန် တင်သွင်းမှုအားလည်း တင်းကြပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်အား ကုလသမဂ္ဂက စက်တင်ဘာ ၁၂ ရက်တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြု ပြဌာန်းသည်။

ပြုံယမ်း၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ပစ်လွှတ်ခြင်းကို တုံ့ပြန်ကာ ကျောက်မီးသွေး၊ ခဲနှင့် ပင်လယ်စာတို့ တင်ပို့မှုကို တားမြစ်လိုက်ပြီး တစ်လအကြာတွင် အမေရိကန်က တင်သွင်းလာသည့် ယခုဒဏ်ခတ်ပိတ်ဆို့မှုသစ်အား တရုတ်နှင့် ရုရှတို့က ထောက်ခံကာ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခုလုပ်ဆောင်ချက်ဖြင့် မြောက်ကိုရီးယားအား ပေးလိုက်သည့် သတင်းစကားမှာ “ကမ္ဘာက နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားဆိုတာကို ဘယ်တော့မှ ခွင့်မပြုဘူး။”ဆိုခြင်းပဲဟု အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ပြောလိုက်သော်လည်း အကျပ်အတည်းပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး မျှော်လင့်ချက်အား မစွန့်လွှတ်သေးကြောင်းလည်း ဆိုသည်။

“ကျွန်မတို့ စစ်ပွဲဆီ မဦးတည်ဘူး။ မြောက်ကိုရီးယား အစိုးရ နောက်ကြောင်းပြန် လှည့်လို့ မရတဲ့ အဖြစ်မျိုးလည်း မဟုတ်ဘူး။”ဟု ဟေလီက ပြောသည်။

“နျူကလီးယား စီမံကိန်းကိုသာ အဆုံးသတ်ဖို့ မြောက်ကိုရီးယား သဘောတူရင် ၄င်းရဲ့ အနာဂတ်ဟာ လမ်းကြောင်းပေါ်လာပါမယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုတာကို သက်သေပြမယ်ဆိုရင် ကမ္ဘာကလည်း မြောက်ကိုရီးယားနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေသွားမယ်။”ဟု ၄င်းက ဆိုသည်။

“ဒါမှမဟုတ်ပဲ ဘေးများတဲ့ လမ်းပေါ်မှာပဲ ဆက်လျှောက်နေမယ်ဆိုရင်တော့ ကျွန်မတို့ဖက်က ပိုမိုဖိအား ပေးရတော့မှာပဲ ဖြစ်တယ်။ ဒါကို မြောက်ကိုရီးယားကပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။”ဟု   ဟေလီက ပြောခဲ့သည်။

ကုလသမဂ္ဂ၏ ယခု ဆုံးဖြတ်ချက်ကို တောင်ကိုရီးယားအစိုးရက ကြိုဆိုပြီး “ပြုံယမ်းအနေနဲ့ ရန်စမှုတွေ ဆက်ပြီးလုပ်ဆောင်နေတာဟာ သံတမန်အထီးကျန်မှုနဲ့ စီးပွားရေးဖိအားတွေကို ပိုမိုပြင်းထန်စေဖို့ပဲ ရှိပါတယ်။”ဟု လေးလေးနက်နက် သတိပေးလိုက်သည်။

-Ref; AFP