၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသိန်းစိန်ပြော

13230057_238063149897444_705950588521212151_n

၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က မေလ ၂၄ ရက် နေ့လယ်က ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခင်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဟောင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲနှင့်ပတ်သက်၍ ‘‘ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ပတ်သက်လို့ကတော့ သီးခြားပြောထားတာ မရှိပါဘူး။ သို့သော် ဘာပဲပြောပြော သမ္မတကြီးကတော့ အရင်တုန်းက  အင်တာဗျူးတွေမှာလည်း သူအမြဲတမ်း ပြောခဲ့တာရှိတယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ကတော့ ဘယ်နိုင်ငံရေးပါတီမဆို မိမိပါတီ အနေနဲ့ လုပ်ပိုင်ခွင့် ရအောင်တော့ ကြိုးစားကြတာပဲ။ ဒါကြောင့်မို့ သူလည်း ၂၀၂၀ ကျရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပိုပြီးတော့ ရလဒ်ကောင်းတွေရအောင် ဖြစ်နိုင် လို့ရှိရင် ပြန်ပြီးတော့မှ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်အောင် သူလုပ်မယ်လို့ ဆုံးဖြတ် ထားတာပါ’’ ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း လွှတ်တော်အတွင်းရှိနေသည့်အတွက် လက်ရှိအစိုးရနှင့် တူညီသည့်အချက် များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ထောက်ပြရန်လိုအပ်သည့် ကိစ္စများကိုလည်း တာဝန်သိသိနှင့်ထောက်ပြမည်ဟု သမ္မတဟောင်းက ပြောကြားခဲ့ကြောင်း ဦးရဲထွဋ်ကဆိုသည်။

‘‘ဆွေးနွေးတဲ့အထဲမှာ ပြီးခဲ့တဲ့အစိုးရ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ရော၊ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော၊ နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံး ကြိုးစား လုပ်ဆောင်ခဲ့တယ်။ အခုတော့ ရွေးကောက်ပွဲမှာရှုံးတဲ့အတွက်ကြောင့်မို့ ဆက်ပြီးတော့ လုပ်ဆောင်ခွင့်မရဘူး။ သို့သော်လည်း လုပ်ဆောင်ခွင့်မရသော်လည်း ပါတီ အနေနဲ့ လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့်မို့ ဒီတာဝန်သိတဲ့ ပါတီတစ်ရပ်အနေနဲ့ လက်ရှိအစိုးရသစ်နဲ့ တူညီတဲ့အလုပ်တွေကို အားလုံးပူးပေါင်း လုပ်ဆောင် မယ်။ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားအတွက် ထောက်ပြဖို့လိုတယ်ဆိုလည်း တာဝန်သိသိနဲ့ ထောက်ပြသွားမယ်လို့ ပြောပါတယ်။ ပြီးလို့ ရှိရင် ကျွန်တော်တို့ဝန်ကြီးဟောင်း  ဒုဝန်ကြီးဟောင်းတွေ တချို့က လက်ရှိပါတီမှာ ၀င်လုပ်နေတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့လို ပါတီထဲမှာ မပါတဲ့သူတွေက လည်း ပထမဆုံးအချက်အနေနဲ့ကတော့ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ကတော့ နိုင်ငံနဲ့ အစိုးရနဲ့လွှတ်တော်ကို လိုအပ်လို့ရှိရင် ဝေဖန်ထောက်ပြပေးဖို့တိုက်တွန်းပါတယ်။ ပြီးလို့ရှိရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း ဝေဖန်အကြံပြုစရာတွေရှိရင် ဝေဖန်အကြံပြုဖို့ တိုက်တွန်းပါတယ်’’ ဟု ဦးသိန်းစိန်အစိုးရ လက်ထက် ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားသည်။

7 Day Daily


Leave a Reply