မေယုဒေသတွင် အကြမ်းဖက်စခန်းများကို ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေ

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့နှင့် ဆက်စပ်နေသော မေယုဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မေယုတောင်ကြော၌ အကြမ်းဖက်စခန်းများကို လိုက်လံရှာဖွေရန် ရဟတ်ယာဉ်များ အသုံးပြုရန် စီစဉ်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ၀င် ၀န်ကြီးလေးဦးသည် သြဂုတ် ၁၄ ရက်က မောင်တောမြို့နယ်သို့ သွားရောက်ပြီးနောက် စစ်တွေမြို့ရှိ မဏိရတနာ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် သံဃာ ၁၁ ပါးနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အထက်ပါအတိုင်း လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့်စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်ဆရာတော် ဦးအရိယ၀ံသက မိန့်ကြားသည်။

‘‘မေယုဒေသ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ပေးမလဲလို့ ဆရာတော်တွေကမေးတော့ နတ်မြစ်မှာဆိုရင် တပ်မတော်ရေယာဉ်တွေကို ကင်းလှည့်ရေယာဉ်တွေနဲ့ စီမံထားတယ်။ ဝေဟင်မှာလည်းပဲရဟတ် ယာဉ်တွေနဲ့မေယုတောင်တစ်ကြောမှာ အကြမ်းဖက်စခန်းတွေကို လိုက်လံရှာဖွေမယ်ဆိုတဲ့ သဘောတွေကို ပြောတယ်’’ ဟု ဆရာတော်က မိန့်သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များဖြင့် ဆက်စပ်သွယ်တန်းနေသည့် မေယုတောင်တန်းတွင် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက် မည်ဖြစ်၍ ဒေသခံပြည်သူများ ယင်းတောင်တန်းသို့ မသွားရောက်ကြရန် သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှူးများကတစ်ဆင့် ကျေးရွာများသို့ ညွှန်ကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကထုတ်ပြန်ထားသည်။ သြဂုတ် ၁၀ ရက်မှစတင်ကာ ဒေသခံများအနေဖြင့် မေယုတောင်ထဲသို့ သစ်ခုတ်၊ ၀ါးခုတ်သွားခြင်း၊ ဟင်းသီးဟင်းရွက်များ ရှာဖွေစားသောက်ခြင်း၊ အကြောင်းမဲ့သွားလာခြင်းများ မရှိစေရန် အကြောင်းကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်တောခရိုင်တွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်သတ် ဖြတ်မှုနှင့်ပတ်သက်၍ အစိုးအနေဖြင့် တာဝန်ယူကြောင်း၊ လိုအပ်သည်များ ဆောင်ရွက်ပေးနေသည်ဟု ပြောကြားသော်လည်း လက်တွေ့တွင် တိုင်းရင်းသားအချို့ အကြမ်းဖက်သတ်ဖြတ်ခံနေရကြောင်း ဆရာတော်ကမိန့်ကြားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ရေရှည်စီမံကိန်းချကာ ဆောင်ရွက်ပေးရန် တောင်းဆိုပြီး မောင်တောခရိုင်ရှိ ဒေသခံများ စားဝတ်နေရးအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ဆက်လက်မိန့်ကြား သည်။

အဆိုပါတောင်းဆိုချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မောင်တောခရိုင်ရှိ ဒေသခံများအတွက် တစ်နှစ်စာ စားနပ်ရိက္ခာကို စီမံထားကြောင်း ပြန်လည်လျှောက်ထားခဲ့ သည်။