ရိုးရာလက်ဝှေ့ကျော် စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့သမားကို ပထမအချီတွင် အလဲထိုးအနိုင်ယူ

ဂျပန်နိုင်ငံ တိုကျိုမြို့၊ တိုကျိုတာဝါ မီဒီယာစင်တာမှာ မေလ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲမှာ စောဂေါ်မူဒိုက မွေထိုင်းလက်ဝှေ့သမား ဝီရာဝတ် ဆစ်တ်န်ပါးကို ပထမအချီမှာပဲ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။

စောဂေါ်မူဒိုအနေနဲ့ ပြီးခဲ့တဲ့နှစ်က ယိုကိုဟားမားမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း အလဲထိုး အနိုင်ရခဲ့ပြီး ဂျပန်မှာ ဒုတိယအကြိမ်မြောက် အောင်ပွဲခံနိုင်တာ ဖြစ်ပါတယ်။

သူ့ကိုအားပေးတဲ့ ပြည်တွင်းပြည်ပက ပရိသတ်တွေ၊ သင်ကြားပေးတဲ့ ဆရာသမားတွေနဲ့ ပွဲစီစဉ်သူတွေကို ကျေးဇူးအထူးတင်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမှာလုပ်တဲ့ပြိုင်ပွဲမှာ အဓိကပွဲစဉ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ၂ ပွဲ ပါဝင်ခဲ့ပြီး နောက်ပွဲစဉ်မှာတော့ ဂျပန်နိုင်ငံသား ခနဲကို ဒိုင်အီချီက ကွန်ဂိုနိုင်ငံသား ဒါရိုင်း လိုကူကူကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံသားဟာ ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာချန်ပီယံ ထွန်းထွန်းမင်းကို ဆူမိုစတိုင် တိုက်ခိုက်ပြိုင်ပွဲမှာ အနိုင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

(DVB)