NCA မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း ပါဝင်လာရေး ကြိုးပမ်းရန် ကေအင်န်ယူ ဗဟို ကော်မတီဆုံးဖြတ်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်လာရေးကြိုးပမ်းရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

(၁၆)ကြိမ်မြောက် KNU ညီ လာခံအပြီး ပထမဆုံးအကြိမ် ကျင်းပသည့် KNU ဗဟိုကော်မတီအစည်းအဝေးကို မေလ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ KNU ဗဟိုကော်မတီဝင် ၅၅ ဦး အနက် ၅၁ ဦး တက်ရောက်ခဲ့သည်။

NCA ကို အကြောင်းအမျိုး မျိုးကြောင့် ပါဝင်လက်မှတ်ရေး ထိုးနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု KNU ဗဟိုကော်မတီအစည်းအဝေးက သဘောထား ထုတ်ပြန်သည်။

‘‘ကျွန်တော်တို့က မူလကတည်းက ငြိမ်းချမ်းရေးတည် ဆောက်တဲ့နေရာမှာ အားလုံးပါလာနိုင်ဖို့ ကြိုးစားခဲ့ တယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုးပေမယ့်လည်း ရောက်ရှိတဲ့အဆင့်မှာ သူတို့နဲ့ ရည်မှန်းချက်တူတဲ့ အတွက် ဆက်သွယ်မှုတွေရှိနေတာပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကုန်လုံးပါလာနိုင်ဖို့ အရေးကြီးတာကိုး’’ ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတူတကွ ဆောင်ရွက်နိုင်ရန် NCA လက်မှတ်ထိုးထားသည့် ရှစ်ဖွဲ့ဖြင့် စုပေါင်း ထားသော CT နှင့် NCA မထိုးရသေးသည့် လက်နက်ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား ပုံမှန်ဆက်သွယ်မှုများရှိသကဲ့သို့ တစ်ဖွဲ့ချင်း ဆက်သွယ်မှုများလည်း ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

KNU ဗဟိုကော်မတီအစည်းအဝေးကို မေလ ၂၄ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်ခဲ့ရာ ပဒိုစောကွယ်ထူးဝင်း သည် အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

# 7 Day