ယီမင်၌ ၀မ်းရောဂါကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁၁၅ ဦးရှိဟု အိုင်စီအာစီထုတ်ပြန်

စစ်ကြောင့် ဖွတ်ဖွတ်ကြေနေသော ယီမင်နိုင်ငံတွင် ကာလ၀မ်းရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၁၁၅ဦး သေဆုံးပြီး ၈၅၀၀ ခန့် နာမကျန်းဖြစ်နေကာ ဆေးရုံ၌လူနာများ စုပြုံလာသောကြောင့် နိုင်နိုင် နင်းနင်း ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

“လက်ရှိမှာ ပြင်းထန်တဲ့ ကောလ၀မ်းရောဂါ ကူးစက်ပျံ့နှံ့မှုကို ကျနော်တို့ ရင်ဆိုင်နေရပါတယ်” ဟု အိုင်စီအာစီ မှ လုပ်ငန်းဒါရိုက်တာ ဒေါမနစ်စတေးလ်ဟာ့တ်က ယီမင်နိုင်ငံမြို့တော် ဆာနာ၌   ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ကာလ၀မ်းရောဂါကြောင့် ဧပြီလ ၂၇ ရက်နေ့မှ လက်ရှိအချိန်ထိ လူပေါင်း ၁၁၅ဦးခန့် သေဆုံးခဲ့ရကြောင်း ယီမင် ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ စတေးလ်ဟာ့တ်က ပြောခဲ့သည်။

အာရပ်ကမ္ဘာ၏ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သော ယီမင်နိုင်ငံ၌ တစ်နှစ်အတွင်း ကာလ၀မ်းရောဂါဖြစ်ပွားမှုမှာ ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်ဖြစ်သည်။

ယီမင်နိုင်ငံသည် ဆော်ဒီမှ ထောက်ပံ့ထားသော အစိုးရနှင့် အီရန်မှထောက်ပံ့ထားသော ဟူသီသူပုန်များကြား ဖြစ်ပွားနေသော စစ်ပွဲ၏ဒဏ်ကို အလူးအလဲခံစားနေရပြီး နိုင်ငံတစ်ဝှမ်းရှိဆေးရုံများသည် ပဋိပက္ခဖြစ်ပွားစဉ် ၂နှစ်အတွင်း အဆက်မပြတ် ကုသမှုများ ဆောင်ရွက်နေရသည်။

“ယီမင်နိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများဟာ တကယ့်ကို ကပ်ဆိုက်နေပါတယ်” ဟု စတေးလ် ဟာ့တ်က ပြောခဲ့သည်။

ဆေးရုံများသည် ကာလ၀မ်းရောဂါ ခံစားနေရသော လူနာများကြောင့် ၀င်ဆံ့သည့် လူနာဦးရေထက် ပိုမိုလက်ခံ ထားရပြီး ၀မ်းရောဂါသည် မသန့်မပြန့်သော အစာနှင့်ရေတို့ကို သောက်သုံးမိခြင်းတို့မှ တဆင့် ဘတ်တီးရီးယား ပိုးမွှားများ ကူးစက်ပျံ့ပွားမှုကြောင့် ဖြစ်ပွားရကြောင်း သူက ဆက်ပြောခဲ့သည်။

“ဆေးရုံက ကုတင်တစ်လုံးချင်းစီမှာ ၀မ်းရောဂါခံစားနေရတဲ့ လူနာလေးဦးကို ကုသပေးထားရပါတယ်။ ပန်းခြံတွေထဲမှာ၊ တချို့ဆိုကားထဲမှာပဲ ပိုက်တွေနဲ့ အိုင်ဗီဒရစ်တွေချိတ်ပြီး ကုသမှုခံယူနေရပါတယ်” ဟု သူက ပြောခဲ့သည်။ -Ref; AFP