တောင်ကိုရီးယား သမ္မတရာထူးအတွက် ကြိုတင်ရွေးကောက်ပွဲ ကျင်းပ
တောင်ကိုရီးယားနိုင်ငံမှာ လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် မေ ၄ ရက်နေ့က ကြိုတင် ရွေးကောက်ပွဲ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။
သမ္မတသစ်ရာထူးအတွက် ကြိုတင်ရွေးကောက်ပွဲကို မေ ၄ ရက်ကနေ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပြီး တနိုင်ငံလုံးမှာ မဲရုံအရေအတွက် ၃၅၀၀ ကျော် ရှိပါတယ်။
အခုရွေးကောက်ပွဲဟာ သက်ကြီးရွယ်အိုတွေ၊ အလုပ်မအားလပ်သူတွေ၊ ရွေးကောက်ပွဲ တာဝန်ကျ မဲရုံ ဝန်ထမ်းတွေနဲ့ စောစောမဲပေးဖို့ လိုအပ်သူတွေအတွက် ကြိုတင်ရွေးကောက်ပွဲဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲကြီးကိုတော့ မေ ၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီရွေးကောက်ပွဲမှာ စုစုပေါင်း နိုင်ငံရေးပါတီ ၁၃ ခုက သမ္မတလောင်း ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်နေပြီး လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party) က သမ္မတလောင်း မွန်းဂျဲအင်း (Moon Jae-in) ကို လူကြိုက်များ ရေပန်းစားနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပုံမှန်အားဖြင့် ၅ နှစ် ၁ ကြိမ် ရွေးကောက်ပွဲကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။
ဒါပေမယ့် အနိုင်ရသမ္မတ ပတ်ဂွန်ဟေးကို လာဘ်စားမှုနဲ့ သမ္မတသက်တမ်းမပြည့်ခင် ရာထူးကနေ ဖယ်ရှားခဲ့တဲ့အတွက် အခုလို သမ္မတသစ် ရွေးကောက်ပွဲ ထပ်မံကျင်းပတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့ သမ္မတဟာ ကျန်ရှိနေတဲ့ သက်တမ်း ၂ နှစ်ကျော်ကိုပဲ ဆက်လက် အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။