ငြိမ်းချမ်းရေးခရီးလမ်း ဖြောင့်ဖြူးရေးကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး

ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံးကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်း၍ရကြောင်း၊ မည်သည့်နိုင်ငံ တွင်မဆို ဒီမိုကရေစီစနစ်ကိုကျင့်သုံးပါက လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး နိုင်ငံရေးအရဆွေးနွေးမှုများဖြင့် ဆောင်ရွက်ကြကြောင်း၊ လုပ်သင့်လုပ်ထိုက် သည်များကို အာမခံချက်များ ရယူလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေး ခရီးလမ်းဖြောင့်ဖြူးမည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား မေလ (၃) ရက် ညနေ ၃ နာရီ ခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Colonel James McAden နှင့်တာဝန်ရှိသူတို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာမီပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြီးအား များစွာမျှော်လင့်ချက်ထားကြောင်း၊ မိမိတို့အနေဖြင့် အကောင်းဘက်မှ ဦးတည်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာရှိ ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးမှာ တပ်မတော်၏ အလိုလားဆုံး ဆန္ဒဖြစ်ကြောင်း ပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေး အရ တရားဝင်ပြောဆိုဆွေးနွေးရန်အတွက် NCA အား လက်မှတ်ရေးထိုးရန် လိုအပ်မှု အခြေ အနေများ၊ ပေးထားသည့် ကတိက၀တ်များနှင့်မညီသဖြင့် တစ်ချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေရသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များသည် နိုင်ငံတော်အစိုးရ၏ လိုလားချက်၊ တပ်မတော်၏လိုလားချက်များနှင့် ကွဲလွဲနေမှု၊ ညှိနှိုင်းရန် လိုအပ်မှု အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ရပ်များ၊ လူ့အခွင့် အရေး ချိုးဖောက်မှုနှင့်ပတ်သက်၍ စွပ်စွဲပြောဆိုမှုများအပေါ် တပ်မတော်ပိုင်း ဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင် ခဲ့မှုများနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်မှုကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

# တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး