မြောက်ကိုရီးယား အရေးတွင် တရုတ်သမ္မတ၏ ပါဝင်ဆောင်ရွက်မှုကို ထရမ့်ချီးကျူး

မြောက်ကိုရီးယား အရေးတွင် တရုတ်သမ္မတ စီကျင်းပင်၏ ပါဝင်ဆောင်ရွက်မှုများကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ချီးကျူးလိုက်သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက် အရှိန်မြှင့် စမ်းသပ်မှုများကို အမေရိကန်ဘက်က သံတမန် နည်းလမ်းဖြင့် ဖြေရှင်းရန် ပိုမိုလိုလားကြောင်း၊ သို့သော် ထိုမျှော်လင့်ချက်မှာ ခက်ခဲလွန်းကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ကြီးမားသော ပဋိပက္ခ တစ်ခုထံသို့လည်း ဦးတည်သွားနိုင်ကြောင်း Reutersနှင့် အင်တာဗျူးတွင် ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က အသက်ငယ်ငယ်ဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်နေရာကို ရယူခဲ့ရသည့် ကင်မ်ဂျုံအန်း တွင်လည်း ခက်ခဲသော အခြေအနေများစွာ ရှိလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ ထိုအတောအတွင်း ကုလ သမဂ္ဂ၏ လုံခြုံရေးကောင်စီသည်လည်း မြောက်ကိုရီးယားပြဿနာနှင့် ပတ်သက်၍ ဧပြီ ၂၈ ရက်တွင် ဆွေးနွေးသွားရန် စီစဉ်ထားသည်။

ထရမ့်သည် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ ဒေသတွင်း အင်အားကြီးနိုင်ငံ တရုတ်နှင့်လည်း ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး တရုတ်သမ္မတကို အဆိုပါကဏ္ဍတွင် ချီးကျူးစကား ဆိုခဲ့ခြင်းဖြစ်သည်။ ထရမ့်နှင့် စီတို့သည် ယခုလ အစောပိုင်းက ဖလော်ရီဒါတွင် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ကြသည်။

ထရမ့်က “တရုတ်သမ္မတရဲ့ သဘောထားက တကယ့်ကို ရှင်းလင်းပါတယ်။ သူက အရှုပ်အထွေးတွေ၊ သေခြင်းတရားတွေကို ရှောင်လွှဲချင်တဲ့သူပါ။ မစ္စတာစီက လူတော်ပါ။ သူ့အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူက သူ့နိုင်ငံကို တကယ်ချစ်တယ်။ တရုတ်ပြည်သူတွေကို ချစ်တယ်။ အခုပြဿနာမှာလည်း သူကိုယ်တိုင် လက်တွေ့ တတ်နိုင်ဖို့ ခက်ခဲတာတွေ အများကြီး ကြုံနေပေမယ့် သူ တစ်ခုခုတော့ ဝင်လုပ်ပေးချင်တယ်လေ”ဟု ဆိုသည်။

မြောက်ကိုရီးယား အဓိပတိ ကင်မ်နှင့် ပတ်သက်၍မူ ထရမ့်က “သူ့အဖေဆုံးလို့ အရိုက်အရာ ဆက်ခံတော့ သူ့အသက် ၂၇ နှစ်ပဲ ရှိသေးတယ်။ ဒီနေရာမှာ ခင်ဗျားတို့ ပြောချင်တာ ပြောလို့ရတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ ဒီအသက်အရွယ်မှာ ဒီလောက်ကြီးလေးတဲ့ တာဝန်မျိုးယူရတာ ဘယ်လိုမှ မလွယ်လောက် ပါဘူး” ဟု သုံးသပ်ခဲ့သည်။

ထရမ့်က ၎င်းသည် ကင်မ်၏ လုပ်ဆောင်မှုများကို မည်သို့မျှ အသိအမှတ်ပြုနိုင်ခြင်း မရှိသော်လည်း မြောက် ကိုရီးယား ခေါင်းဆောင်အနေဖြင့် ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်းရှိနေဦးမည်ဟု မျှော်လင့်ထား ကြောင်းလည်း ပြောကြားသွားသည်။

-Ref: Reuters