လေယာဉ်တင်စစ်သင်္ဘော တရုတ် ကိုယ်တိုင် ဆောက်နိုင်ပြီ

ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတုန်းမှာပဲ တရုတ်နိုင်ငံဟာ သူ့ရဲ့ ပထမဦးဆုံး ကိုယ်ပိုင် ထုတ် လေယာဉ်တင် စစ်သင်္ဘောကြီး အသစ် ၁ စင်းကို စတင် မိတ်ဆက်လိုက်ပါတယ်။

ဒါဟာ တရုတ်အတွက် ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ဒုတိယမြောက် လေယာဉ်တင် စစ်သင်္ဘောပိုင်ဆိုင်လာနိုင်တာလည်း ဖြစ်ပါတယ်။

တရုတ်ပိုင် ပထမဆုံး လေယာဉ်တင်စစ်သင်္ဘော (Liaoning) က ယူကရိန်း ကနေ ဝယ်ယူခဲ့တဲ့ ဆိုဗီယက် ရုရှခေတ်လုပ် သင်္ဘောကို ပြန်လည် ပြုပြင် မွမ်းမံထားတာပါ။

အခု သင်္ဘောအသစ်ကတော့ အလုံးစုံ ကိုယ်ပိုင် ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာရဲ့ ဖော်ပြချက်မှာ နာမည်မပေးရသေးတဲ့ အဲဒီ သင်္ဘောအသစ်ကို အရှေ့ မြောက်ပိုင်း ဒါလီယန် ဆိပ်ကမ်းကနေ ရေချ ပြီလို့ ဆိုပါတယ်။ အရင်တုန်းက ထုတ်ပြန်ချက်တွေမှာတော့ သင်္ဘောသစ်ဟာ ၂၀၂၀ ခုနှစ် ရောက်မှသာ တာဝန်တွေ ထမ်းဆောင်နိုင်မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

အခု ပြည်တွင်းထုတ် လေယာဉ်တင် သင်္ဘောအသစ် မိတ်ဆက်ချိန်ဟာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်တိုက်တွေ့ပြီး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို အမေရိကန် စစ်သင်္ဘော၊ ရေငုပ်သင်္ဘောတွေ ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အရင်တုန်းက ထုတ်ပြန်ချက်တွေအရ လေယာဉ်တင်သင်္ဘောအသစ် မှာ အခြား လေယာဉ်ပျံတွေနဲ့ အတူ တရုတ်လုပ် ဂျေ-၁၅ တိုက်လေယာဉ်တွေ တင်ဆောင်မှာဖြစ်ပြီး နျူကလီးယား လက်နက်တွေ တပ်ဆင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

(ဘီဘီစီ)