တရုတ် မကူညီလျှင်လည်း မြောက်ကိုရီးယား အရေးကို အမေရိကန် တစ်ကိုယ်တော် ဖြေရှင်းနိုင်ဟု ထရမ့်ပြောကြား

တရုတ်အစိုးရ၏ ပူးပေါင်းပါဝင်မှု မရှိလျှင်လည်း မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အရေးကို အမေရိကန် တစ်နိုင်ငံတည်း ဖြေရှင်းမည်ဟု ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။

၎င်းက အမေရိကန်သည် တရုတ်က ပူးပေါင်း ပါဝင်ခြင်း ရှိရှိ၊ မရှိရှိ မြောက်ကိုရီးယား ပြဿနာကို ကိုင်တွယ် နိုင်စွမ်း ရှိကြောင်း ဆိုသည်။ “မြောက်ကိုရီးယား ကိစ္စကို တရုတ်ကမကိုင်ဘူးလား။ ရတယ်။ ဒါဆို ကျုပ်တို့ ဖာသာ လုပ်မယ်။ ဒါကို ကျုပ်က ခင်ဗျားတို့ကို အတည်ပြုချက်ပေးနိုင်တယ်” ဟု ၎င်းက ဗြိတိန်ထုတ် Financial Timesနှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုကိစ္စကို တစ်ကိုယ်တော် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ခြင်း ရှိမရှိ မေးမြန်းသည့် အခါတွင်မူ “အပြည့်အဝ လုပ်နိုင်ပါတယ်”ဟု ထရမ့်က ဖြေကြားခဲ့သည်။

၎င်းသည် တရုတ်သမ္မတ စီကျင်းပင်၏ အမေရိကန် ခရီးစဉ်မတိုင်မီတွင် ယခုကဲ့သို့ သဘောထား ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ထရမ့်က “တရုတ်ဟာ မြောက်ကိုရီးယားအပေါ် ကြီးကြီးမာာားမား လွှမ်းမိုးနိုင်စွမ်း ရှိတယ်။
မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကျုပ်တို့ကို ကူညီမှာလားဆိုတာကို တရုတ်ကပဲ ဆုံးဖြတ်ရမှာ။ တကယ် လို့ သူတို့ ပူးပေါင်းပါဝင်မယ်ဆိုရင် တရုတ်အတွက်လည်း သိပ်ကောင်းသွားမယ်။ သူတို့ ဝင်မပါဘူးဆိုရင် ဘယ်သူ့အတွက်မှ ကောင်းနိုင်မှာ မဟုတ်ဘူး”ဟု မှတ်ချက်ပေးခဲ့သည်။

ထရမ့်အနေဖြင့် မြောက်ကိုရီးယား အရေးနှင့် ပတ်သက်ပြီး မည်သို့သော မူဝါဒများ၊ စိတ်ကူးအကြံဉာဏ်များ ပြင်ဆင်ထားသည် ဆိုခြင်းကိုမူ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိဟု ငြင်းပယ်သွားသည်။

ထရမ့်သည် ဧပြီ ၆ ရက်တွင် ဖလော်ရီဒါ၌ စီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တိုင်လာဆန်သည် မတ်လအတွင်း အာရှခရီးစဉ်၌ လိုအပ်လျှင် မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူရန်လည်း လက်ရှောင်နေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

Ref: Financial Times