အိုဘားမား၏ ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေး သတ်မှတ်ချက်များကို ထရမ့်ပယ်ဖျက်

သမ္မတဟောင်း ဘာရတ်အိုဘားမားလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု တိုက်ဖျက်ရေး သတ်မှတ်ချက်များကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

ထရမ့်သည် ရွေးကောက်ပွဲ မဲဆွယ်မှု ကာလကတည်းက ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာပြီး ကမ္ဘာကြီး ပူနွေးလာနေသည်ဆိုသော ကိစ္စသည် တရုတ်အစိုးရက လီဆယ်ပြောဆိုထားသည့် လုပ်ကြံမှု တစ်ခုဟု ဝေဖန်ခဲ့ဖူးသည်။

၎င်းက အိုဘားမား၏ စည်းမျဉ်းများကို ပယ်ဖျက်ကြောင်း အထူးအမိန့်ကို လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်သည် ကျောက်မီးသွေး သုံးစွဲမှုအပေါ် ဆန့်ကျင်နေသည့်စစ်ပွဲကို ရပ်တန့်လိုက်ပြီဟု ပြောကြား ခဲ့သည်။

အိုဘားမား က်ထက်က လက်မှတ်ရေးထိုးခဲ့သည့် စွမ်းအင် လွတ်လပ်ခွင့်ဆိုင်ရာ အထူးအမိန့်၌ ကျောက်မီး သွေး အပါအဝင် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို ဘက်ပေါင်းစုံမှ ကန့်သတ်ထားခဲ့သည်။ သို့သော် ယင်းတို့ကို ထရမ့်က ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေး လုပ်ငန်းကြီးများက ထရမ့်၏ ဆုံးဖြတ်ချက်ကို ချီးကျူး ကြိုဆိုကြသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသည်။

ထရမ့်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနှင့် ပတ်သက်ပြီး အိုဘားမားနှင့် လုံးဝဥဿုံ ကွဲပြား သော အမြင်ရှိသူဖြစ်သည်။ ၎င်းက ကမ္ဘာ့ရာသီဥတု ပူနွေးပျက်စီးလာပြီဆိုသော ကိစ္စကို အယုံအကြည် မရှိချေ။ အိုဘားမားကမူ ထိုပြဿနာသည် စစ်မှန်ပြီး မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ဟု ခံယူထားသူ ဖြစ်သည်။

ထရမ့်၏ လုပ်ဆောင်မှုသည် ပြည်တွင်းတွင်ရော၊ နိုင်ငံတကာတွင်ပါ ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်လာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက သတိပေးထားသည်။ ထရမ့်ကမူ ၎င်း၏ အထူးအမိန့်ကြောင့် အမေရိကန် အနေဖြင့် စွမ်းအင်ကဏ္ဍတွင် ပြည်ပမှ တင်သွင်းလာသော လောင်စာဆီအပေါ် မှီခိုရမှုကို လက်ရှိထက် သိသာစွာ လျှော့ချနိုင်မည်ဟု ပြောကြားထားသည်။

Ref: Earth Justice