မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ သွားရောက်

မြန်မာအစိုးရ၏ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းများသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သော ဒုက္ခသည်များကို မေးမြန်းလေ့လာနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနများက အစီရင်ခံသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေ ဦးဆောင်သွားရောက်ခြင်းဖြစ်သည်။

ကော်မရှင်သည် ကော့ဘဇားသို့ မတ်လ ၁၉ရက်က ရောက်ရှိပြီး Ukhia နှင့် Teknaf ဒေသရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) များ နေထိုင်ရာနေရာလေးခုကို သွားရောက်ခဲ့သည်။ သွားရောက်မှုတွင် ဘင်္ဂါလီ (ရိုဟင်ဂျာ) အမျိုးသမီး ၅၀ ဦး၏ ပြောဆိုချက်များကို အသံသွင်းမှတ်တမ်း ယူခဲ့သည်ဟုဆိုသည်။ ကော်မရှင်သည် အသစ် တည်ဆောက်ထားသော လူ ၁၂,၀၀၀ ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းရှိ လူများနှင့် စကားပြောခဲ့သည်ဟုဆိုသည်။ ယင်းနောက် ဒုက္ခသည် ၃၅,၀၀၀ နေထိုင်သော မှတ်ပုံတင်မထားသည့် စခန်း၊ ဒုက္ခသည် ၁၉,၀၀၀ နေထိုင်နေသော မှတ်ပုံတင်ထားသည့် စခန်းတို့ကို သွားရောက်ခဲ့သည်။

အေပီသတင်းဌာန၏ အစီရင်ခံမှုအရ ဘင်္ဂါလီ(ရိုဟင်ဂျာ) များသည် မြန်မာကော်မရှင်အဖွဲ့ဝင် ၁၀ဦးနှင့် တွေ့ဆုံစကားပြောရာတွင် မျက်နှာပြရန် ငြင်းဆန်ခဲ့ကြသည်။ ၎င်းတို့ ရခိုင်ပြည်နယ်သို့ ပြန်လာသည့်အခါ တစ်စုံတစ်ရာ တန်ပြန်သက်ရောက်မည်ကို ကြောက်ရွံ့၍ဟုဆိုသည်။ ၎င်းတို့သည် ခန်းဆီးလိုက်ကာတစ်ခု ၏ နောက်ကွယ်မှနေ၍ ကော်မရှင်အဖွဲ့ဝင်များကို စကားပြောခဲ့ပြီး အမျိုးသမီးများ အဓမ္မကျင့်ခံရမှု၊ ကလေး ငယ်များ အသတ်ခံရမှု၊ ကျေးရွားများမီးရှို့ခံရမှုတို့ အပါအ၀င် ၎င်းတို့ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ် အတွေ့အကြုံများကို ပြောပြခဲ့သည်ဟု အေပီသတင်းက ဖော်ပြသည်။

မောင်တောဒေသစုံစမ်းစစ် ဆေးရေးကော်မရှင်၏ အစီရင်ခံစာတင်သွင်းရမည့်ရက်သည် ဇန်န၀ါရီ ၃၁ ရက်ဖြစ်သော်လည်း ထပ်မံပေါ်ပေါက်လာသော စွပ်စွဲချက်များကြောင့် အစီရင်ခံစာတင်သွင်းမည့်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုများပြီးစီးချိန်ထိ တိုးမြှင့်လိုက်ကြောင်း သမ္မတဦးထင်ကျော်က ကြေညာခဲ့သည်။ ယခုအချိန်အထိ အစီရင်ခံစာ တင်သွင်းမည့်ရက်ကို ပြောကြားခြင်း မရှိသေးပေ။

# Mizzima