အနည်းဆုံးလုပ်ခလစာ ပြန်လည် သတ်မှတ်နိုင်ရေး အထူးအစည်းအဝေးများ ဆက်လက်ပြုလုပ်မည်

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးပြုလုပ်ရန် နောက်ဆုံး တစ်ကြိမ်သာ ကျန်ရှိတော့သဖြင့် အနည်းဆုံးလုပ်ခလ စာကိစ္စနှင့်ပတ်သက်၍ အထူးအစည်းအဝေးများ ခေါ်ယူခြင်းဖြင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟု ယင်းကော်မတီဝင်အချို့က ပြောသည်။ 

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဥပဒေတွင် အနည်းဆုံး အခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီအစည်းအဝေးကို နှစ်ကြိမ်ပြုလုပ်နိုင်သည်ဟု သတ်မှတ်ထားပြီး မတ်လ ၈ ရက်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် မပြုလုပ်မီ ကြားကာလ၌ အထူးအစည်းအဝေးများ ပြုလုပ် မည်ဖြစ်သည်။

‘‘ပထမအကြိမ် အစည်းအဝေးမှာကတည်းက တင်ပြတောင်းဆိုခဲ့တာပါ။ အနည်းဆုံး အခကြေး ငွေ သုံးသပ် ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကြားမှာညှိနှိုင်းစရာတွေ အများကြီးရှိဦးမှာဖြစ်တာကြောင့် ကြားမှာ အထူး အစည်းအဝေးခေါ်ယူပြုလုပ်ဖို့ ပထမအကြိမ်အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်’’ ဟု အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးနော်အောင်က ပြောသည်။

ဒုတိယအကြိမ်ပြုလုပ်မည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်း အဝေးသည် အနည်းဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ရန် နောက်ဆုံး ဆုံးဖြတ်ရမည့် အစည်းအဝေးဖြစ် လာနိုင်သည်ဟု အဖွဲ့ဝင်အချို့က မှတ်ချက်ပြုသည်။

ယင်းကော်မတီကို အစိုးရက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဖွဲ့စည်းနိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

‘‘အနည်းဆုံးလုပ်ခလစာပြင် ဆင်သတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ပြန်လည်သုံးသပ်မှုတွေ စတင် ဖို့ဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မတီတွေ ဖွဲ့ပြီးမှလုပ်ရမှာ။ အခုတော့ စပြီးဖွဲ့စည်းနေပြီ’’ ဟု ဦးမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံ၌ အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက်လုပ်ခ ကျပ် ၃,၆၀၀ ကို ၂၀၁၅ သြဂုတ်လ ကုန်က စတင်သတ်မှတ်ခဲ့ပြီး ၂ နှစ် လျှင်တစ်ကြိမ်ပြန်လည် သုံးသပ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အနည်းဆုံးလုပ်ခလစာပြန် လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက စတင်ကြိုးစားနေခြင်းဖြစ်သကဲ့သို့ အလုပ်သမားများကလည်း တစ်ရက်လုပ်ခ ကျပ် ၅,၆၀၀ သတ်မှတ်ပေးရန် တောင်းဆိုနေကြသည်။

# Eleven