မဲအနိုင်ရရှိခဲ့မယ်ဆိုရင် ပြည်သူအတွက်အလေးထားပြီး လိုအပ်ချက်များကို ကြိုးစားဖြည့်ဆည်းပေးသွားမယ့် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရီးချက်နှင့်တွေ့ဆုံခြင်း

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရီးချက်နှင့် ဆက်သွယ် မေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်နဲ့ မဲဆန္ဒနယ်မြေ၊ ဝင်ရောက်ရွေးချယ်ဖြစ်ပုံကို သိလိုပါတယ်။

 

ကျွန်တော့်နာမည် ဦးရီးချက် လို့ခေါ်ပါတယ်။ ကယားပြည်နယ် ဇာတိဖြစ်ပြီး ကယားလူမျိုးဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အခုလို ဝင်ရောက်ယှဉ်ပြိုင်ရတာကလည်း ပါတီ အောက်ခြေအဆင့်ဆင့် ရွေးချယ်ခံ ထောက်ခံမှုကြောင့် ဖြစ်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ ရွေးချယ် မခံရပါဘူး။ ဒါကြောင့် ယခု ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ မိမိပါတီအတွက် ရည်မှန်းပြီး ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ါတယ် ခင်ဗျား။

ဒါဆိုဆရာက တိုင်းရင်းသားတစ်ဦးဖြစ်တယ်။ ပြည်ခိုင်ဖြိုးပါတီကို ဗမာပါတီလို့ ပြောဆိုနေတာတွေရှိပါတယ်။ ဒါဆို ပြည်ခိုင်ဖြိုးပါတီကို တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ပါတီလို့ ပြောလို့ရပါသလား။ တိုင်းရင်းသား ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ရော ဘာပြောချင်ပါ သလဲ။

ဟုတ်ကဲ့ပါ။ ကျွန်တော်က ကယားလူမျိုး ကယားတိုင်းရင်းသားပါ။ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းတည် ဆောက်ထားတာပါ။ ကျွန်တော်က ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ကျွန်တော့လိုပဲ ကျန်ကယားတိုင်းရင်းသား လူမျိုးစုများကိုလည်း စုဖွဲ့ထားသလို ဗမာလူမျိုးများလည်းပါပါတယ်။ သို့သော် ဗမာပါတီလို့ သုံးစွဲလို့မရပါဘူး။ ပြည်ထောင်စုလို့ အမည်တပ်ထားတဲ့အတွက် လူမျိုးစုံထည့်စုဖွဲ့ထားခြင်းဖြစ်ပါတယ်။ ပါတီအပေါ် ယုံကြည်ချက်၊ ခံယူချက် နဲ့အတွေ့အကြုံရှိပြီး ပြည်နယ်အကျိုးလိုလားသူ မြန်မာနိုင်ငံသား မည်သည့်လူမျိုးမဆို ပါဝင်စုဖွဲ့ရမှာဖြစ် ပါတယ်။

ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရ သက်တမ်းမှာရော ဘာများလုပ်ဆောင်ခဲ့ပါသလဲ။ နောက်မှာ ဝင်ရောက် အရွေးချယ်ခံတယ်ဆိုတော့ ကိုယ့်မဲဆန္ဒနယ်မှာ
ဘာတွေလိုအပ်ချက်တွေရှိလဲ။ ဘာလုပ်ဆောင်ပေးချင်တာ များရှိသလဲ။

ယခင် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ကယား ပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဥပဒေပြုရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင် ရွက်ဖူးသလို ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)မှာလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများစွာရှိပါတယ်။ ပြည်သူရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ပါ တယ်။ မပြည့်စုံသေးပါဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ ကယားပြည်နယ်ဟာ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များထက် နောက်ကျကျန်နေပါသေးတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ပြည်နယ်၊ ကိုယ့်မဲဆန္ဒနယ်ကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွေလို တန်းတူဖွံ့ဖြိုးတိုးတက် စေချင်တဲ့ ဆန္ဒရှိပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တော်တော်များများမှာ ရှုံးနိမ့်ခဲ့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းပါတီမှာ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ သွေးသစ်လောင်း ခဲ့တယ်။ မေးချင်တာကတော့ ဆရာ့အနေနဲ့ ယုံကြည်မှု ဘယ်လိုတည်ဆောက်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသလဲ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုမျှော်လင့် ချက်မျိုးထားပါသလဲ။

ဟုတ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ တော်တော် များများမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ အရင်ကတည်းက ယုံကြည်မှု အပြည့်အဝ တည်ဆောက်ပြီး အခုကြားဖြတ်ရွေး ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကျွန်တော့်အနေနဲ့ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှုကို ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာပြီဆိုရင် အစိုးရကိုလွှတ်တော်က အပြန်အလှန် ထိန်းကျောင်းမှု တွေ လုပ်ဆောင်ရတော့မယ်။ လက်ရှိလွှတ်တော်အပေါ်ရော အားရမှုတွေ ရှိရဲ့လား။ ဘာများ ဝေဖန် အကြံပြုလိုပါသလဲ။

ခုချိန်အခါမှာ လွှတ်တော်အပေါ်မှာ အားရမှုရှိတယ်မရှိဘူးလို့ မပြောလိုပါဘူး။ အကြံပြုချင်တာ ကတော့ အပြန်အလှန် ချစ်ကြည်လေးစားမှု၊ ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်မယ်လို့ အကြံပြုချင် ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်လို့ မဲဆွယ်စည်းရုံးတဲ့ အခါဖြစ်စေ ဘာတွေများ အဆင်မပြေဖြစ်တာတွေ ရှိပါသလဲ။

ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းချက်တွေနဲ့အညီ ကျွန်တော်တို့က ဆောင်ရွက်နေပါတယ်။ ခုချိန်အထိ မဲဆွယ်စည်းရုံးတဲ့အခါ ကျွန်တော်တို့ အဆင်ပြေပါတယ်။

ရွေးကောက်ပွဲခံ လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ယောက်အနေနဲ့ ပြည်သူကို ဘာများစကားပါး ချင်ပါသလဲ။ ကိုယ်ဘာလုပ်ပေးချင်တယ်၊ ဘာလုပ်ပေးနိုင်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောဆိုချင် တာများ ရှိပါသလား။

ကျွန်တော့်အနေနဲ့ ဘာလုပ်ပေးချင်တယ်။ ဘာလုပ်ပေးနိုင်တယ်ဆိုတာထက် အားလုံးကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးစေချင်ပါတယ်။ ကျွန်တော်သာ မဲအနိုင်ရရှိခဲ့ မယ်ဆိုရင် ပြည်သူအတွက် အလေးထားပြီး လိုအပ်ချက်များကို ကြိုးစားဖြည့်ဆည်းပေး သွားမှာပါ။ ကျွန်တော်အရင် ၂ဝ၁ဝ ကယားပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ဖရူဆိုမြို့ပေါ်မှာ သမိုင်းသက်သေတွေရှိ နေပါတယ်။
လုပ်ငန်းအတွေ့အကြုံလည်း ရှိပြီးသားဆိုတာ ဖရူဆိုမြို့နယ်က မဲဆန္ဒရှင် ပြည်သူများ သိရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဖြည့်စွက်ပြောကြားချက်များ ရှိရင် ပြောကြားပေးပါ။

ဖြည့်စွက်ပြီးပြောကြားချင်တာကတော့ ဖရူဆိုမြို့နယ် မဲဆန္ဒရှင်ပြည်သူတွေ ကျွန်တော့်ကို ရဲရဲကြီးသာ တာဝန်ပေးလိုက်ပါ။ ကျွန်တော်အရင် ၂ဝ၁ဝ သက်တမ်းက အတွေ့အကြုံနဲ့ ကျွန်တော့် အရည်အချင်းနဲ့ ပေါင်းစပ်ပြီး ပြည်သူတွေအပေါ် အလုပ်အကျွေးပြုပါ့မယ်လို့ ပြောကြားလိုပါတယ်။
နေထက်ဝေ

နေထက်ဝေ