ကြားဖြတ်ရွေးကောက်ပွဲ ရှိသဖြင့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ နှစ်ပတ်လည် အစည်းအဝေး ရွှေ့ဆိုင်း

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးကို မတ်လအတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲကြောင့် နောက်ဆုတ် ကျင်းပမည် ဖြစ်ကြောင်း CSSU အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောသည်။

CSSU ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ၁၉၉၆ ဖွဲ့စည်းခဲ့သည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အဖွဲ့ဝင် အဖွဲ့အစည်း များဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ စိန်ကျော့ပြည်သူ့စစ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) ပါတီ စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ CSSU ဥက္ကဋ္ဌမှာ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဖြစ်သည်။

‘‘CSSU က တစ်နှစ်တစ် ကြိမ်ရှိတယ်။ အခုက ရွေးကောက်ပွဲကာလနဲ့ ဘာနဲ့ဆိုတော့ ဧပြီထဲမှာ တစ်ခုခု လုပ်ရင်လုပ်ဖြစ်မယ်။ မတ်လမှာ မကျင်းပနိုင်သေးတာပေါ့။ ကျင်းပဖို့အတွက် အဖွဲ့တိုင်းကိုတော့ ဘယ်ရက် လုပ်ရင် ပိုအဆင်ပြေမယ်ဆိုတာကိုတော့ စာပို့ထားပါတယ်’’ ဟု SNLD တွဲဖက် အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောသည်။

CSSU ဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင် အဖွဲ့အစည်းများက အက္ခရာအစဉ်လိုက် တာဝန်ယူဆောင်ရွက်ရာ CSSU ပထမဆုံး ဥက္ကဋ္ဌမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်သည်။

ဒုတိယနှစ် ဥက္ကဋ္ဌတာဝန်ကို SNDP ပါတီက ရယူမည်ဖြစ်သော်လည်း အဆင်သင့်မဖြစ်သေး၍ SSJAC က အလှည့်ကျော်ပြီး တာဝန်ယူခဲ့ကြောင်း စိုင်းကျော်ညွန့်က ပြောသည်။ ဦးခွန်ထွန်းဦးသည် SSJAC ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။

‘‘CSSU ရဲ့ ရည်ရွယ်ချက်က အဓိကအားဖြင့် ဒီ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲပြီး ဘယ်လိုနေထိုင်နိုင်မလဲပေါ့။ နောက်ပြီးတော့ ရှမ်းအမျိုးသားတွေပါမယ်။ ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသား အားလုံးပါမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း ကျွန်တော်တို့အနေနဲ့ ၀ိုင်းဝန်းကူညီ လုပ်ဆောင်နိုင်အောင် ဖွဲ့စည်းထားတဲ့သဘောပါ’’ ဟု ပြောကြားသည်။

CSSU သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် သည့်လုပ်ငန်းများ ဆောင်ရွက်သည်။ CSSU ဖွဲ့စည်းရန် ၂၀၁၃ နှစ်ကုန်က စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၄ တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

# 7 Day Daily