ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့၌ ကျင်းပခွင့်ရရေး ညှိနှိုင်းနေ

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပခွင့်ရရှိရေး ညှိနှိုင်းနေ ကြောင်း သတင်းရရှိသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ အပါအဝင် ရှမ်းအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ကို ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က ခွင့်ပြုပြီးဖြစ်သော်လည်း RCSS နှင့် SNLD တို့ လိုလားသည့် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့၌ ကျင်းပခွင့်ကို လက်ရှိအချိန်ထိ ခွင့်မပြုသေးပေ။

တောင်ကြီးမြို့တွင် ကျင်းပခွင့်မရသေးခြင်းမှာ တပ်မတော်၏ သဘောထားအပေါ် မူတည်နေသည်ဟု သိရ ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ဆိုသည်။

‘‘ရှမ်းတစ်မျိုးသားလုံး ခံယူထားတာက ရှမ်းပြည်နယ် တောင်ကြီးမြို့ဆိုတာ သူတို့ရဲ့ အထင်ကရ သူတို့ရဲ့ မြို့တော်ပေါ့။ အဲဒီမှာတော့ ကျင်းပခွင့် မပြုဘူး။ တခြားမြို့တွေမှာလည်း ကျင်းပခွင့်မပြုဘူး။ RCSS ထိန်းချုပ်ထား တဲ့ မြို့လေးတစ်ခုမှာပဲ ကျင်းပခိုင်းမယ်ဆိုတာက ဘယ်လိုမှ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဘူး’’ ဟု ဦးစိုင်းလိတ် က ပြောကြားသည်။

ဆက်လက်၍ ၎င်းက ‘‘ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ စိတ်ထဲမှာ လက်ရှိအစိုးရရဲ့ ကြိုးပမ်းနေမှု၊ တပ်မတော် ရဲ့ ကြိုးပမ်းနေမှုကို အသိအမှတ်ပြုစေချင်တယ်၊ ယုံကြည်မှု ပိုမိုပြီး တိုးပွားစေချင်တယ်ဆိုလို့ရှိရင်တော့ သူတို့ တွေ အာရုံစိုက်နေတဲ့မြို့၊ သူတို့တွေ အာရုံစိုက်နေတဲ့ ခေါင်းစဉ်ကို လွတ်လပ်စွာ၊ ပွင့်လင်းစွာ ကျင်းပခွင့်ရဖို့ အင်မတန်လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် တခြားတိုင်းရင်းသားတော့ သူတို့ရဲ့ ပြည်နယ်မြို့တော်တွေမှာ ကျင်းပခွင့်ရပြီး ရှမ်းတွေကျတော့ တစ်မျိုးဆက်ဆံခံနေရတယ် ဆိုတာမျိုးကတော့ အားလုံးရဲ့ နှလုံးသားထဲမှာ စွဲထင်သွားရင် မကောင်းပါဘူးဗျ’’ ဟု ပြောသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်နေရာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးခြင်းဖြစ်ပြီး RCSS အမာခံနယ်မြေအတွင်း၌ ကျင်းပရန် တပ်မတော်ဘက်က ခွင့်ပြုထောက်ခံခဲ့သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

NCA လက်မှတ်ရေးထိုးထား သည့် ကရင်အမျိုးသားအစည်းအ ရုံး (KNU)အဖွဲ့ ဦးဆောင်၍ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ကျင်းပခဲ့သည်။

ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) သည်လည်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျင်းပရန် ကြိုးစားသော်လည်း ခွင့်ပြုမှုမရ၍ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့၌ ကျင်းပခဲ့ရသည်။

အလားတူ ချင်းလက်နက်ကိုင်အဖွဲ့ CNF သည်လည်း ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပရန် ကြိုးစား ခဲ့သော်လည်း ထန်တလန်မြို့နယ်၌သာ ကျင်းပခွင့်ရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP)အနေဖြင့်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိရေးနှင့် ကျင်းပခွင့်ကို ပြည်နယ်၏မြို့တော် စစ်တွေတွင် ပြုလုပ်ခွင့်ရရေး ကြိုးစားနေသည်ဟု သိရသည်။ # 7 Day Daily