ရန်ကုန်နှင့် မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲ ၄ဝ တွင် တယ်လီနော ဆင်းကတ်များ မှတ်ပုံတင်နိုင်

ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲနေရာ ၄၀ မှာ တယ်လီနော ဆင်းကတ်တွေကို ယခုသီတင်းပတ် ကနေစတင်ပြီး မှတ်ပုံတင်နိုင်ပြီလို့ တယ်လီနောရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆင်းကတ်မှတ်ပုံတင်ဖို့ ရက်ပေါင်း ၄၀ ခန့်သာ ကျန်တော့တာမို့ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် တယ်လီနောအနေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကြံဆဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ တယ်လီနောရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောပါတယ်။

တယ်လီနော သုံးစွဲသူတွေအနေနဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုပေးနေတဲ့ ကမ္ဘောဇဘဏ်ခွဲ လိပ်စာ တွေကို https://www.telenor.com.mm/page/kbz-bank-branch-list/357 မှာ ကြည့်နိုင်ပြီး အနီးဆုံး ဘဏ်ခွဲကို သွားရောက် မှတ်ပုံတင်နိုင်ပါတယ်။

မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင်မယ့် တယ်လီနော ဆင်းကတ်နဲ့အတူ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် (သို့) နိုင်ငံတော်အသိအမှတ်ပြု သက်သေခံ လက်မှတ်တစ်ခုခု (နိုင်ငံခြားသားတွေအတွက် နိုင်ငံကူးလက်မှတ်) တစ်ပါတည်း ယူဆောင်ပြီး အခမဲ့မှတ်ပုံတင်နိုင်မယ့်အပြင် ဆင်းကတ်မှတ်ပုံတင် လာလုပ်တဲ့ သုံးစွဲသူတွေ အတွက် ကမ္ဘောဇဘဏ်က iBanking နဲ့ အပ်ငွေ ကျပ် ၁၀၀၀ ပါ ငွေစုစာရင်းတွေကို အခမဲ့ ဖွင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့ပြင် အခြားဒေသတွေမှာရှိတဲ့ ကမ္ဘောဇဘဏ်ရဲ့ ဘဏ်ခွဲပေါင်း ၄၆ ခုမှာလည်း တယ်လီနော ဆင်းကတ်တွေ မှတ်ပုံတင်နိုင်ဖို့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။