ကြားဖြတ်ရွေးကောက်ပွဲ ထူးခြားနေရာရှစ်ခု၌ အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စောင့်ကြည့်မည်

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လူနည်းစု တိုင်းရင်းသားဒေသများ၊ မသန်စွမ်းသူများ အတွက် အထူးပြုလုပ်ထားသော မဲရုံများ၊ ပြိုင်ဆိုင်မှုများသည့် မဲရုံများစသည့် ထူးခြားနေရာ ရှစ်ခုတွင် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စုပေါင်း၍ စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ကျေးလက်ဒေသမဲရုံ၊ နိုင်ငံရေးပါတီ အနည်းငယ်ယှဉ်ပြိုင်သည့်ဒေသ၊ အခြားလေ့လာစောင့်ကြည့်သူမရှိသော မဲရုံများ၊ ကာလရှည်စောင့်ကြည့်လေ့လာနိုင်သည့် မဲရုံ၊ မဲမသမာမှုရှိနိုင်သည့်မဲရုံများ၊ တပ်တွင်းမဲရုံများ၊ အစိုးရ ဝန်ထမ်းအိမ်ရာမဲရုံများ၊ ထောင်တွင်းမဲရုံများနှင့် မသန်စွမ်းအထူးပြုမဲရုံစသည်တို့တွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း Founder ဒေါ်ရွှေရည်ဝင်းက ပြောသည်။

“အဓိကတော့ မဲရုံစံနှုန်းရှစ်ခုအရ စောင့်ကြည့် လေ့လာသွားမယ်၊ အခုဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ၊ အပစ်အခတ် ရပ်စဲထားတဲ့ဒေသတွေကို စောင့်ကြည့် လေ့လာသွားမယ်၊ မသန် စွမ်းတွေအတွက်ဆိုရင် မဲရုံတည်ဆောက်ပုံက သူတို့အတွက် အဆင်ပြေလား၊ မျက်မမြင်တွေအတွက်ဆိုရင်လည်း ဘယ်လို လုပ်ပေးမလဲ စတာတွေကို စောင့်ကြည့်တာတွေ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အကြိုလုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲကို ဒါနရှေ့ဆောင်မြန်မာအဖွဲ့၊ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းနှင့် အောက်ချင်း လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။

ဒါနရှေ့ဆောင်မြန်မာအဖွဲ့၊ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းနှင့် အောက်ချင်း လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ကယားပြည်နယ် ဖရူးဆိုး၊ မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်၊ ရှမ်းပြည်နယ် ညောင်ရွှေ၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် ကျောက်တံခါး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနှင့် ရန်ကုန်တိုင်းရှိ လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်နှင့် လှိုင်သာယာ စသည့်မြို့နယ် ၁၅ မြို့နယ်တွင် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ယင်းသို့ စောင့်ကြည့်လေ့လာရာတွင် ကာလရှည် လေ့လာစောင့်ကြည့်သူ ၁၃ ဦးနှင့် ကာလတို လေ့လာ စာင့်ကြည့်သူ ၁၃၄ ဦးတို့ကို ဒေသခံများထဲမှ ရွေးချယ်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မဲရုံပေါင်း ၆၇ ရုံကို လေ့လာ နိုင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

အရပ်ဘက်အဖွဲ့ သုံးဖွဲ့၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ရွေးကောက်ပွဲ ကျင်းပပြီး နောက်တစ်နေ့တွင် ကနဦး အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့သုံးဖွဲ့ထံမှ သိရသည်။

# The Voice